
ညောင်ရွှေ နိုဝင်ဘာ-၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၅) ရက် နံနက်(၁၀)နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စု၊ နန်းတက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဘန်းပြင် ကျေးရွာအုပ်စု၊ နန်းတက်ရှိကျောင်းထိုင်ဆရာတော် နှင့် သံဃာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္တုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘန်းပြင်ကျေးရွာအုပ်စု၊ နန်းတက်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်ရေ၊ သုံးရေရရှိရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်လည်း မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အထွက်နှုန်းတိုးမြင့်ရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ် ဆရာ၊ ဆရာမများရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျေးရွာရှိဒေခံပြည်သူများအနေဖြင့် ဒေသလိုအပ်ချက်များကို တင်ပြပေးကြရန်နှင့် တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တွေဆုံပွဲ တက်ရောက်လာကြသည့်ဘန်းပြင် ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပြည်သူများက ဒေသလိုအပ်ချက်များတင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘန်းပြင်ကျေးရွာအုပ်စု၊ နန်းတက်ကျေးရွာများမှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တင်ပြချက် အားလုံးကို လုပ်ငန်းကဏ္ဍအလိုက် စုစည်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြပေးရန်နှင့် တင်ပြချက်များကို စောလျင်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရေထွက်များရှိသည့် နေရာများတွင် ရေခမ်းခြောက်မှု မရှိစေရန် ထိန်းသိမ်းပေးရန်နှင့် ရေထွက်ပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးပေးကြရန်၊ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ တင်ပြမှုများအပေါ် ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိဂုံးချုပ် စကားပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး