
တောင်ကြီး အောက်တိုဘာ-၁၄
ရှမ်းပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနကို ၂၀၁၀ ခုနှစ်မှစတင်၍ တောင်ကြီးမြို့ရှိ ရှမ်းပြည် နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် ရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသစ်တွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ (၁၄) ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၊ RC(၃)ထပ်အဆောက်အဦအသစ်ဖွင့်ပွဲကို တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးသွားလမ်း၊ ကံကြီးရပ်ကွက်ရှိ အဆိုပါရုံးအဆောက်အဦရှေ့တွင် ကျင်းပသည်။
ဦးစွာ RC(၃)ထပ်အဆောက်အဦအသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနပြည်နယ်ဦးစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအကအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည် ပက်ဖြန်းပေးကြသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှမ်းပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းနှင့် အတူဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေများကို ရေးဆွဲရသည့် ဌာနလည်းဖြစ်ပါကြောင်း၊ ယခုဆောက်လုပ်ပြီးစီးခဲ့သည့် ပြည်နယ်ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန ရုံးအဆောက်အဦအသစ်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် ၉၇၁.၄၀၀ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၁) က တာဝန်ယူဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး၍ အဆောက်အဦအားအပ်နှံခဲ့ပါကြောင်း၊ အဆောက်အဦ ရေရှည်အသုံးပြုနိုင်ရေး၊ တည်တံ့ခိုင်မြဲမှုရှိစေရေးအတွက် ဝန်ထမ်းများမှ စနစ်တကျအသုံးပြု ထိန်းသိမ်းဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ကျေးဇူးတင် စကားပြောကြားပြီး အဆောက်အဦအသစ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများအား အဆောက်အဦ အထူးအဖွဲ့(၁၁)မှ တာဝန်ရှိသူတစ်ဦးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး က လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များသည် ရုံးအဆောက်အဦအသစ်အား လှည့်လည် ကြည့်ရှုကြကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံသို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ရွှေသင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်းဖူးမြော်ကြည်ညိုကြပြီး (၂၄) ကြိမ်မြောက်ကမ္ဘောဇသာမဏေကျော် စာမေးပွဲဝင် ရောက်ဖြေဆိုကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စာဖြေသံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်းသိရသည်။
အဆိုပါ (၂၄) ကြိမ်မြောက် ကမ္ဘောဇသာမဏေကျော် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာဖြေသံဃာတော်များတွင် ပထမတန်းဖြေဆိုသံဃာ (၈၄၆)ပါး၊ ဒုတိယတန်းဖြေဆိုသံဃာ(၂၆၃)ပါး၊ တတိယတန်းဖြေဆိုသံဃာ(၉၇) ပါး စုစုပေါင်း သံဃာ (၁၂၀၆)ပါး ရှိပြီး အောက်တိုဘာလ (၁၉) ရက်နေ့တွင် ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး