
တောင်ကြီး အောက်တိုဘာ-၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၂)ရက်၊ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့နယ် ရွှေညောင်မြို့မှ ညောင်ရွှေမြို့သွားလမ်းဆုံတွင် မြေယာရှုခင်းများ၊ မော်တော်ဆိုင်ကယ်ယာဥ်များထားရှိရန် ပါကင်ဆောင်ရွက်မည့်နေရာ၊ မော်တော်ယာဥ်၊ သုံးဘီးယာဥ် ပါကင်ထားရှိမည့်နေရာနှင့် ညစျေးတန်းဆောင်ရွက်မည့်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးစျေးဆိုင်ခန်းရောင်းချမှုများကို စနစ်တကျ ရှိစေရန်အတွက် ယာယီတဲများဖြင့်ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ဒေသရှိ ပြည်သူများအတွက် နေရာပေး၍ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဆိုင်ကယ်ပါကင်များကို စနစ်တကျထားရှိနိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ လမ်းဆုံရှိ အသုံးမဝင်သည့် ရေကန်ကို မြေသားဖြည့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး၊ စျေးသူ၊ စျေးသားများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ဖြည့်စွက် မှာကြားခဲ့ပြီး ရေကန်၊ ဆိုင်ကယ်ပါကင်၊ ညစျေးဆောင်ရွက်မည့်နေရာများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွှေညောင်-ညောင်ရွှေလမ်းပိုင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းဦးစီးဌာမှ ပြည်နယ်ညွှန်ကြားရေးမှူး က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်း/တံတားများရေရှည်ခိုင်ခန့်ကောင်းမွန်ရေးအတွက် လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများကိုကဏ္ဍအလိုက်၊ အပိုင်းလိုက် စနစ်တကျတာဝန်ယူ ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူးက ရွှေညောင်-ညောင်ရွှေ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ နဒီကန်အတွင်း သောင်တူးစက်၊ Backhoe ဖြင့် သဲနှုံးတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်ပစ္စည်းများပြင်ဆင်ခွင့်ပြုပြီးဖြစ်၍ စက်အင်အား ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ကားလမ်းပေါ်ရေကျော်မှုမရှိစေရေး စနစ်တကျစီမံ ဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် ကျော့မောင်ငယ်ရွာတွင် တောင်သူဒေါ်ပြုံးကြည် စိုက်ပျိုးထားသည့် ရွှေရင်အေးစပါးစိုက်ခင်းအား သွားရောက်ကြည့်ရှုပြီး တောင်သူများအား ပန်းတိုင်အထွက်နှုန်းကောင်းမွန်ရေးနှင့် တောင်သူဝင်ငွေတိုးရေးအတွက် နေကြာမျိုးများ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ နေကြာစိုက်ပျိုးမည်ဆိုပါက နေကြာမျိုးစေ့နှင့်မြေသြဇာများကို သက်သာသောစျေးနှုန်းများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး နဒီကန်အတွင်း သဲနှုံးတူးဖော်နေမှုကို ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအားဖြည့်စွက်မှာ ကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး ပင်လောင်းလမ်းဆောင်ရွက်ထားရှိမှုအား ပြည်နယ်လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးကရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်သည့်အခါ လျာထားချက်များမထပ်စေရန်နှင့်သတ်မှတ်ထားသည့် ကာလအတွင်းသတ်မှတ် စံချိန်စံညွှန်း နှင့်အညီ ရေရှည်ခိုင်ခန့်ကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်ဖြည့်စွက်မှာကြား၍ ဟော်တယ်ဇုန် ကားပါကင်နှင့် စက်လှေဆိပ်ပြုပြင်ထိန်းသိမ်းနေမှုကိုကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူအားဖြည့်စွက်မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရာများ ကိန်းဝပ်စံပယ်တော်မူသည့် မူလရတနာစံကျောင်းဆောင်သို့ရောက်ရှိပြီး ရတနာစံကျောင်းတော်တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား တစ်ဆူအားပန်း၊ ရေချမ်း၊ ဆွမ်းဆက်ကပ်လှူဒါန်းပေးကြပြီး ကျောင်းဆောင်များပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဆေးသုတ်ရန်ကျန်ရှိနေသည့် နေရာများ ဆေးသုတ်ပေးနိုင်ရန်နှင့် လျှပ်စစ်မီးလိုင်းများ စနစ်တကျသပ်သပ်ရပ်ရပ် သွယ်တန်းဆောင်ရွက်ပေးကြရန်၊ ဘုရားကျောင်းဆောင် မြောက်ဘက်မုခ် လှေကားအတက် ပြန်လည်ပြုပြင်ဆောင်ရွက် မည်ဆိုပါက မူလလက်ရာပုံစံအတိုင်းဆောင်ရွက် ပေးရန်တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားကာ သီတင်းကျွတ်လပြည့်ကျော်(၃)ရက် အောက်တိုဘာလ (၉)ရက်နေ့တွင် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရာများအင်းလေးဒေသ (၂၁) ဌာန ကြွချီပြီး မူလကျောင်းဆောင်သို့ ပြန်လည်ကြွဝင်မည့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး