တောင်ကြီး စက်တင်ဘာ-၂၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၆)ရက်၊ နံနက်(၁၀)နာရီ က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများ စခန်းသွင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာပြိုင်ပွဲဝင်ရောက်ယှဥ်မည့် အသင်းကိုယ်စား ကဗျာလွတ်အဖွဲ့မှ လက်ခံရယူကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်းလေးဒေသအတွင်း မှီတင်းနေထိုင်ကြသော အင်းသားတိုင်းရင်းသားတို့၏ တစ်မူထူးခြားသည့် ခြေထောက်နှင့်လှေလှော်ခြင်း ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို ဖော်ထုတ်၍ ရေရှည်တည်တံ့ ခိုင်မြဲစေရန်၊ တိုင်းရင်းသားတို့၏ ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့်အားမာန်ကိုပြသရန်နှင့် အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ အင်းလေးရေလယ်ဧည့်ခန်းမရှေ့၌ ကျင်းပသည့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အကြိုပွဲစဥ်များယှဥ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ရေလယ်ဧည့်ခန်းမမဏ္ဍပ်တွင် ဧည့်သည်အဆိုတော်နှင့် ဒေသခံအဆိုတော်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး လှေလှော်ပြိုင်ပွဲစတင်ကျင်းပရာ ကျောင်းသား (၂၆) တက်လှေလှော်ပြိုင်ပွဲတွင် အိုင်ထောင့်ကြီး(က)နှင့် အိုင်ထောင့်ကြီး(ခ) အသင်းယှဉ်ပြိုင်နေမှု ကိုလည်းကောင်း၊ အမျိုးသား (၄၆)တက် လှေလှော်ပြိုင်ပွဲတွင် ဝမ်းဘဲအင်းရွာနှင့် စည်သာရွာ၊ ကေလာရွာ နှင့် ကျွန်းကြီးမြောက်ရွာ၊ ရေသာ(ကုန်း)ရွာနှင့်အိုင်ထောင့်ကြီးရွာ အသင်းများ ယှဥ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသား(၂၆)တက် လှေလှော်ပြိုင်ပွဲတွင် ကေလာရွာ(က) အသင်းနှင့် ကေလာရွာ(ခ)အသင်း ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲတွင် အိုင်ထောင့်ကြီး(ခ)ရွာနှင့် သပြေပင်ရွာ၊ ရွှေပြည်သာထက်ရွာနှင့် လယ်သစ် အောက်ရွာ၊ ကေလာရွာနှင့်ခေါင်တိုင်ရွာ၊ ပွဲစားကုန်းရွာနှင့်မိုင်းသောက်အင်းရွာအသင်းများ ယှဥ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် မိုင်းသောက်အင်းရွာအသင်းနှင့် ရွှေပြည်သာအောက်ရွာအသင်း ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ အမျိုးသမီး (၂၆)တက် လှေလှော်ပြိုင်ပွဲတွင် အိုင်ထောင့်ကြီး(ခ)ရွာအသင်းနှင့် အိုင်ထောင့်ကြီး(က) ရွာအသင်းယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲတွင် ရှေ့ဝကြီးရွာနှင့် ရွှေပြည်သာအောက်ရွာ၊ ဇရပ်ကြီးရွာနှင့် ရေသာအင်းရွာ၊ အိုင်ထောင့်ကြီး(က)ရွာနှင့် ပျားပင်ရွာ၊ မြောင်းဝကြီးရွာနှင့် မင်းချောင်းရှေ့ရွာအသင်းများ ယှဥ်ပြိုင်နေမှုကိုလည်းကောင်း၊ အမျိုးသမီး(၂၆) တက် လှေလှော်ပြိုင်ပွဲတွင် ကေလာရွာအသင်းနှင့် ညောင်ဝန်းရှေ့ရွာအသင်း ယှဉ်ပြိုင် နေမှုကိုလည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲယှဥ်ပြိုင်နေမှုများကိုလည်းကောင်း ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခုတ်လက်ဝါးများတီး၍ တစ်ခဲနက်ကြည့်ရှု အားပေးခဲ့ကြ သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား(၂၆)တက်၊ အမျိုးသား(၄၆)တက်၊ အမျိုးသားရာကျော်၊ အမျိုးသမီး(၂၆)တက်နှင့် တစ်ဦးချင်းလှေလှော်ပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြကြောင်း သိရှိရသည်။
အဆိုပါ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့ အဋ္ဌဒီသာဓမ္မဝိဟာရ ဒေသစာရီကျောင်းတော်ကြီးသို့ ရောက်ရှိကိန်းဝပ်အပူဇော်ခံမည့် စက်တင်ဘာလ ၂၈ ရက်၊ သီတင်းကျွတ်လဆန်း ၇ ရက် နံနက်ပိုင်းတွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး