တောင်ကြီး စက်တင်ဘာ-၂၀
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်ကျော်ကျော်ဟန် ဦးဆောင်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ အမှတ်(၁၄)သတင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲနှင့် အမှတ်(၁၈)ယာဥ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲတို့မှ အင်အား(၉၅)ဦးက စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ(၂၀)ရက်၊ နံနက်(၈)နာရီကတောင်ကြီးမြို့၊ မိခင်နှင့်ကလေးအမျိုးသမီး ဆေးရုံကြီးတွင်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သွေးလှူဒါန်းမည့် တပ်ဖွဲ့ဝင်များကို ကြည့်ရှုအားပေးစကားပြောကြား၍ တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းရရှိသောသွေးအိတ်များကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများမှပေးအပ်ရာ မိခင်နှင့်ကလေးအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းနှင့် တာဝန်ရှိသူများမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများစာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ချီးမြှင့်ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူလေးများက ရှမ်းတိုင်းရင်းသားရိုးရာ ကိန္နရီ၊ ကိန္နရာအကများ၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကအဖွဲ့မှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို အလေးပြုကြိုဆိုကြပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် စိန်မြင့်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအဖွဲ့၊ အကအဖွဲ့တို့အား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဘင်ခရာတပ်ဖွဲ့စွမ်းရည်ပြသမှု၊ မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသမှု၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံဆက်၊ စကားပုံဆက်၊ မြားပစ်၊ စက်ဝိုင်းလှည့်၊ ခါးလှည့်ပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲတို့တွင် အနိုင်ရရှိသူများကို ဆုများချီးမြှင့်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတနာရှင်၊ အလှူရှင်များ၏ အာဟာရဒါနများကို ကျောင်းသားကျောင်းသူများအား ဝေငှပေးကြပြီး ကျောင်းစာကြည့်တိုက်၊ မူးယစ်အသိပညာပေးပြခန်း၊ ကျောင်းကျန်းမာရေးပြခန်း၊ အခြေခံပညာအအထက်တန်းကျောင်းမှ သိပ္ပံပြခန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ သိပ္ပံပြခန်း၊ ဓါတ်ပုံပြခန်း၊ စာအုပ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် အမှတ် (၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ´´တေးသီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီး၊ “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာတိုးတက်စေရမည့်´´ Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်ရေးပွဲတော်၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ ပံ့ပိုးမှုနှင့်အတူ ၂၀၂၄ခုနှစ်က စတင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီနှင့် ရှမ်းပြည်နယ်အစိုးအဖွဲ့၏ ပံ့ပိုးမှုတို့နှင့် ရှမ်းပြည်နယ်တစ်ဝန်းလုံးတွင် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်များကို ၁၃ ကြိမ်ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးငွေကျပ် သိန်း(၃၉၀)ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၈)ကြိမ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၂)ကြိမ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၃)ကြိမ်၊ စုစုပေါင်း (၁၃)ကြိမ် ထပ်မံကျင်းပသွားရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောင်းစာကြည့်တိုက်များအတွက် သုတ/ရသစာအုပ်စာစောင်များလှူဒါန်းရာ အမှတ် (၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်း စာကြည့်တိုက်များအတွက် သုတ/ရသစာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးညွှန်ရွှေကပေးအပ်ရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌက သုသ/ရသစာအုပ်များပေးအပ်ရာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ လက်ခံရယူကြောင်းသိရသည်။
ဆက်လက်၍ အလှူငွေများပေးအပ်လှူဒါန်းရာ ဌာနဆိုင်ရာများကိုယ်စား တာဝန်ရှိသူတစ်ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း သတ္တုတွင်းလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတို့က ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ ပဥ္စရူပအကနှင့်“ပြည်ရတနာအက´´ဖြင့် ကပြဖျော်ကြကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာရေးဆရာမသျှီအင်ကြင်းက စာပန်းရဂုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ရွှေလေညင်း က ဘဝတိုးတက်ဖို့စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း စာပေဟောပြောခဲ့ကြပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်း(၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းများ၊ တောင်ကြီးမြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း(၅)ကျောင်းများ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၈၀၀) ကျော်တို့ လာရောက်လေ့လာ ပါဝင်ဆင်နွဲကြပြီး စက်တင်ဘာလ (၂၀) ရက်ညနေ့ပိုင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖက်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး