
တောင်ကြီး စက်တင်ဘာ-၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်များနှင့်အတူ စက်တင်ဘာလ (၁)ရက်ညနေ(၅)နာရီက တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာ(၃)အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဂနိုင်ကန်သာယာတောင်ဘက်ခြမ်းရှိ ခြံစည်းရိုးကာရံပြီးစီးမှုအခြေအနေ နှင့်ကန်ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်လမ်း၊ လမ်းသားတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးရာမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် က ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းများရေရှည်ကောင်းမွန်ခိုင်ခန့်အောင် ဆောင်ရွက်ရန်၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းပုခုံးသားများကိုလည်း ကောင်းမွန်အောင်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်လွှတ်တော်ရုံး မီးပွိုင့်မစ၍ တောင်ကျောင်းကြီးသွားလမ်းနှင့် ဂနိုင်ကန်သို့သွားသည့်လမ်းအား ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မည့်နေရာအား ကြည့်ရှု၍ လမ်းအကျယ်ကို စနစ်တကျတိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး