
တောင်ကြီး သြဂုတ်-၃၀
၂၀၂၅ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အေးရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ်လ(၃၀)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အကစားကွင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်များတွင် ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန်၊ ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးပြည်နယ်ဝန်ကြီးချုပ် က အမှတ်(၁)နှင့် အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်းတို့မှ ဘင်ခရာတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက်ပြိုင်ပွဲဝင် အေးရိုးဗစ်အသင်းများမှ စုပေါင်းသရုပ်ဖော်တင်ဆက်ကြပြီးအသက် (၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဥ်အဖြစ် ကျိုင်းတုံခရိုင်အသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုနှင့် အေးရိုးဗစ်ပြိုင်ပွဲများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ( ၈ ) သင်းပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို သြဂုတ်( ၃၀ )ရက်နေ့မှ စက်တင်ဘာ ( ၈ ) ရက် နေ့အထိယှဥ်ပြိုင်သွားမည်ဖြစ်ပြီး အေးရိုးဗစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ( ၈ )သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဆုရအသင်းများအား သြဂုတ်(၃၀) ရက် ယနေ့ ညနေပိုင်းတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး