
ကလော သြဂုတ် ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် သည်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် (၄)ရက်၊ နံနက်(၉)နာရီက ကလောမြို့၊ ဘူတာအနီးရှိ ကလောချောင်း ယာယီမြေထိန်းနံရံဆောင်ရွက်နေမှုနှင့် အမှတ်(၄)ရပ်ကွက်ရှိ ကလောချောင်း လူကူးကွန်ကရစ်ဂုံးကျော်တံတား တည်ဆောက်မည့်ပုံစံများကို ကြည့်ရှုစစ်ဆေးရာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့် က လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က လူကူးဂုံးကျော်တံတားမှ သွားမည့်လမ်းများကိုလည်း ယာဥ်ငယ်များပါ သွားလာနိုင်ရန်အတွက် ဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်မှာကြားကာ ကလောဘူတာဝင်း ခြံစည်းရိုးလုပ်ငန်းစတင်ဆောင်ရွက်နေမှု၊ တံတားတည်ဆောက်မည့် နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုနောက် ဒေသခံပြည်သူတစ်ဦးက အမှတ်(၄)ရပ်ကွက်တွင် ကလောချောင်း လူကူးကွန်ကရစ်ဂုံးကျော်တံတား ဆောင်ရွက်ပြီး လမ်းများဆောင်ရွက်မည့်ဆိုပါက ရထားလမ်းနှင့် ပေ(၅၀)အကွာတွင် ယခင်လမ်းဟောင်းနေရာ ရှိပါကြောင်း၊ ၎င်းလမ်းကို အသုံးပြုမည်ဆိုပါက ဘူတာရုံအထိ ရောက်ရှိပြီး ပိုမိုအဆင်ပြေသင့်လျော်ကြောင်း ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောစျေးနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချနေသည့် စျေးသည်များနှင့် စျေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီး နုတ်ဆက်ပြီး၊ ကားလမ်းဆောင်ရွက်မည့် ယခင်လမ်းဟောင်းနေရာအား ကွင်းဆင်းကြည့်ရှုရာ သက်ဆိုင်ရာဌာနများအား မြေပြင်ကွင်းဆင်း၍လုပ်ငန်းများ ဆောင်ရွက်ပေးကြရန်၊ ပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက်လမ်းနှင့် ကွန်ကရစ်တံတားများဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်စဥ်ရေကြီးမှုများ မဖြစ်စေရေး ပြည်သူ များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းမှာကြားခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလောမြို့ Hill Top Villa Hotel ခန်းမတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ရုရှားဘာသာစကားနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန် ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဥ်လုပ်ငန်းစီမံချက်များ လျာထားဆောင် ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများကို ၂၀၂၅ခုနှစ် ဇွန်လ(၂၃)ရက်မှဇူလိုင်လ(၁၈)ရက်အထိ တောင်ကြီးမြို့တွင် သင်တန်း သား(၉၀)ဦးကို သင်ကြားပို့ချဆောင် ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၅ခုနှစ်သြဂုတ်လ(၁၂)ရက်နေ့မှ စက်တင်ဘာလ (၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားရန် လျာထားဆောင်ရွက်ပေးခဲ့ပြီး ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ကျွမ်းကျင်သောဆရာများက အခြေခံအရေးအဖတ်နှင့် ဟိုတယ်သုံးဝေါဟာရများ၊ ကိန်းဂဏန်းဆိုင်ရာ ဝေါဟာရများ၊ ရုရှားခရီးသွားများ၏ အလေ့အထနှင့်ယဥ်ကျေးမှုဆိုင်ရာများအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေး အကျိုးရှိ၍ အထောက်အကူဖြစ်မည်ကို ယုံကြည်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကို လေးစားမှတ်သား သင်ယူကြပြီး၊ မိမိလုပ်ဖော်ကိုင်ဖက်များကို ထပ်ဆင့်မျှဝေသင်ကြားပေးခြင်း၊ သင်တန်းက ရရှိမည့်ဗဟုသုတများဖြင့် ဝန်ဆောင်မှုကောင်းများပေးနိုင်ပြီး မိမိလုပ်ငန်းပုံရိပ်၊ မိမိဒေသ၏ ပုံရိပ်ကိုမြှင့်တင်နိုင်အောင် ကြိုးစားကြရန်ထည့်သွင်း ပြောကြားသည်။
အဆိုပါသင်တန်းကို သြဂုတ်လ (၄)ရက်နေ့မှ (၂၉)ရက်နေအထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ(၄၄)ဦးတက်ရောက်ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ကလောချောင်းတိုးချဲ့တူးဖော်ဆောင်ရွက်နေမှုအား သွားရာက်ကြည့်ရှုစစ်ဆေးပြီး ၊ ပြည်နယ်ဝန်ကြီးချုပ်က ရေချောင်းလမ်း ကြောင်း အကွေ့နေရာများတွင် တိုးချဲ့ဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူအား ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် သီခေါင်ကြိုးပြင်ကာကွယ်တောအကွက်အမှတ်(၃)တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် (၂၀၂၅) မိုးရာသီထင်းရှူးမြို့တော်စီမံချက်ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း(၃၅)ဧကတွင် ထင်းရှူး(၁၈၉၀၀)ပင် စိုက်ပျိုး ထားရှိမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က သစ်တော၊သစ်ပင်များ ရေရှည်ထိန်း သိမ်းပေးနိုင်ရန်အတွက် လိုအပ်ချက်များရှိပါက တင်ပြပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများအားမှာကြားခဲ့ပြီး၊ သီခေါင်ကြိုးပြင်ကာကွယ်တောဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း (၇၆.၁၁) ဧကတွင် ထင်းရှူး၊ ချယ်ရီ၊စိန်ပန်းကြီး (၁၈၂၆၆)ပင်ကို Geo Asia Industry & Mining Co.Ltdမှ စိုက်ပျိုးထားရှိမှုကိုသွားရောက်ကြည့်ရှုရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက လုပ်ငန်းများဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောသီခေါင်ကြိုးပြင် ကာကွယ်တောတွင်ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်းဖြင့် ထင်းရှူး(၇၈၀)ပင်၊ ချယ်ရီ(၄၀)ပင်၊ စိန်ပန်းနီ(၁၅)ပင်၊ စိန်ပန်းပြာ(၁၅)ပင် စုစုပေါင်းအပင် (၈၅၀)ပင်ကို ကမ္ဘောဇဘဏ်ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းဆောင်ရွက်မည့် စိုက်ခင်းနေရာအား သွားရောက်ကြည့်ရှုပြီး၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ မြေဧရိယာ၂.၈၂၂ဧကတွင် တိုက်နယ်ဆေးရုံအဆောက်အဦ ၄၈´×၇၂´ RC(၂)ထပ် တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦများ ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် မလိုအပ်သည့်အဆောက်အဦများ ဖယ်ရှား၍ နောက်ထပ်တိုးချဲ့ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆေးရုံအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို သီးခြားဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ရွှေညောင်-ညောင်ရွှေသွားလမ်းဘေးတွင် ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများကိုလည်း ယာယီတဲဖြင့် ရောင်းချစေရန်ဖြစ်ကြောင်း၊ သန့်ရှင်းသပ်ရပ်စွာရှိစေရန်နှင့် အမှိုက်များလည်း စည်းကမ်းတကျ သိမ်းဆည်းပေးရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ရွှေညောင်တိုက်နယ်ဆေးရုံရှိ ဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ်က ချီးမြင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး