
ပင်းတယ သြဂုတ်-၂
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ဇူလိုင်လ(၂၅)ရက်မှ(၂၇)ရက်နေ့အထိ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများဝင်ရောက်ခြင်း၊ မြေပြိုခြင်း၊ လူနေအိမ်များပျက်စီးခြင်း၊ လမ်းတံတားများပျက်စီးခြင်း လူများသေဆုံး၊ ဒဏ်ရာရရှိခြင်းများ ထိခိုက်ဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ တိုက်စားခြင်းဖြင့် မြေပြိုကျခြင်း အဆောက်အဦများ ပြိုကျခြင်း၊ လမ်း၊ တံတား ပျက်စီးမှုနှင့် ပင်းတယမြို့၏ အထင်ကရ ပုန်းတလုတ်ရေကန် ရေမြှင့်တက်များနေမှုကို သြဂုတ်(၂)ရက်နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ပုန်းတလုတ်ကန် ရေဝင်ရောက်မှုနှင့် ရေများလျော့နည်းစေရန် ရေထုတ်မြောင်း ဆောင်ရွက်မည်နေရာများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေကန်အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံ့ကော်တောဘုန်းကြီးကျောင်းအတွင်း ရေထွက်အား သွားရောက်ကြည့်ရှုပြီး ပင်းတယရွှေဥမင် သဘာဝလှိုင်ဂူဘုရားစောင်းရှိ ပျက်စီးသွားသော (၄)ခန်းတွဲစျေးဆိုင်ခန်း (၇)ခန်းအား သွားရောက်ကြည့်ရှုရာ စျေးဆိုင်ခန်းဆိုင်ရှင်များ၏ တင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆိုင်ခန်း(၇)ခန်းအတွက် ဆိုင်ရှင်များအား ဆိုင်ခန်းများသန့်ရှင်းဆောင်ရွက်နိုင်ရန် တစ်ခန်းလျှင်(၁၀)သိန်းနှုန်းဖြင့် ငွေကျပ်သိန်း(၇၀) ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာရှိ သိမ်ကုန်းဘုန်းကြီးကျောင်း ရေဘေးရှောင်စခန်းတွင် ယာယီရေဘေးရှောင် ခိုလုံလျက်ရှိသည့်ပြည်သူများအား ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဇူလိုင်လရက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ သဘာဝဘေးသည် လွန်ဆန်လို့ မရပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လမ်းခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ လာရောက်ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုများရှိသောကြောင့် မိုးများရွာသွန်လျက်ရှိပါကြောင်း၊ ရေရှည်ကောင်းမွန်စေရေးအတွက် သစ်ပင်များ စိုက်ပျိုးပေးရမည်ဖြစ်ကြောင်း၊ သစ်တော၊ သစ်ပင် ပြုန်းတီးမှုကို ထိန်းသိမ်းပေးရန် အသိပေးပြောကြားလိုကြောင်း၊ သစ်ပင်များ ခုတ်ယူသုံးစွဲမှုမပြုရန်နှင့် သစ်ပင်များစို က်ပျိုးပေးရန်လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးကို ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံများမှ လိုအပ်ချက်များတင်ပြပေးရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတို့မှ ယာယီရေဘေးရှောင် ခိုလုံလျက်ရှိသည့် ပြည်သူများအား ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရေဘေးကြောင့် လုံးဝပျက်စီးသွားသော အိမ်ခြေ(၁၉)အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ကျပ်သိန်း(၁၉၀)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် အိမ်(၄)အိမ်အတွက် တစ်အိမ်လျှင် ကျပ်(၅)သိန်းနှုန်းဖြင့် ကျပ်သိန်း(၂၀) စုစုပေါင်းကျပ်သိန်း(၂၁၀)နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ရာ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာ ဒေသခံပြည်သူတစ်ဦးမှ လက်ခံရယူ၍လည်းကောင်း၊ သဘာဝဘေးအန္တရာယ်စီမံပေးအပ်သော ထောက်ပံ့ငွေကျပ် ၇၃၆၅၀၀၀ိ/၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ငွေကျပ်သိန်း(၁၅၀)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆိုလာမီးများတို့ကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများပေးအပ်ရာ ဒေသခံပြည်သူများမှ လက်ခံရယူကြသည်။
ယင်းနောက် သိမ်ကုန်းကျေးရွာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဒေသလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာရှိ အမက(ကုန်စောင်း)စာသင်ကျောင်းနှင့် ပန်းစစ်ကျေးရွာအုပ်စု၊ ကြံခင်းမြောင်ရွာသို့သွား ရောက်သည့် လမ်းအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လမ်းပန်းဆက်သွယ်ရေး သွားလာနိုင်ရေးအတွက် လမ်း၊ တံတား ပြုပြင်ဆောင်ရွက်ပေးနေကြသော ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်းတယမြို့နယ် သိမ်ကုန်း – ပန်းစစ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဝတောချောင်း၊ ပန့်ဘဲချောင်းသို့ သွားရောက်ကြည့်ရှုကြပြီး ပင်းတယမြို့သိ မ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းလျှပ်စစ်ခွဲရုံသို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်ဦးစီးမှူးမှ လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
၎င်းနောက် ပင်းတယ – ရပ်စောက်သွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသွားသော မိုင်းအင်တံတားအား သွားရောက်ကြည့်ရှုရာ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ရှိသူတစ်ဦးက မိုင်းအင်တံတား နှစ်လွှာတစ်ထပ် ယာယီဘေလီ (၈၀)ပေဆောင်ရွက်နေမှုကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားရေရှည်ခိုင်ခံ့ရေးနှင့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးရန် ဖြည့်စွက်မှာကြားပြီး တံတားအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး