
ကလော ဇူလိုင်-၂၈
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)တစ်ခုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှူများဖြစ်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်(၂၈)ရက်နေ့တွင် ကလောမြို့ အနိမ့်ပိုင်းနေရာများတွင် တောင်ကျရေများကြောင့် ကလောချောင်းရေ မြင့်တက်လာ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာနေအိမ်များ၊ ဌာနဆိုင်ရာများတွင် ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဇူလိုင်(၂၈)ရက် မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကလောမြို့၊ ကလောအင်းပြင် စိုက်ပျိုးရေးဥယျာဥ်ရှေ့ ကလောချောင်းအတွင်း ရေစီးဆင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် ကလောဘူတာရုံသို့သွားရောက်၍ ကလောချောင်းတံတားအောက်တွင် အမှိုက်များပိတ်ဆို့နေမှုကို ကလောမီးသတ်တပ်ဖွဲ့မှ ဆည်ယူနေမှုကို ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးမှ ကလောမြို့၊ မြို့နယ် နယ်နိမိတ်အတွင်း ရပ်ကွက်အလိုက် ရေချောင်းတူးဖော်ပြီးစီးသည့် အခြေအနေအား မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်မည့်နေရာများတွင် တံတား ထပ်မံ ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့ အမှတ်(၂)ရပ်ကွက်အတွင်း ရေဝင်ရောက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး၍ ကလောပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး၊ ပြန်လည်တည်ဆောက်မည့် မြေနေရာအားသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကလောမောမြေဦးပန်းခြံသို့ သွားရောက်ကြည့်ရှုကာ တိုင်းရင်းသားရိုးရာစား သောက်ဆိုင်များ ဆောင်ရွက်မည်ဆိုပါက ဆိုင်ခန်းများ မြင်ကွင်းကာကွယ်မှုမရှိစေရန် နေရာရွေးချယ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပန်းခြံစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်၊ ပန်းအလှပင်များ စိုက်ပျိုးပေးရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအား မှာကြားခဲသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောင်းဝင်းအတွင်း အနိမ့်ပိုင်းနေရာတွင် ရေဝင်ရောက်နေမှုနှင့် ရေပြန်လည်ကျသွားသည့် နေရာများတွင် စုပေါင်းသန့်ရေး ဆောင်ရွက်နေမှုကိုကြည့်ရှုခဲ့ကြပြီး ကလောမြို့ မိန်းလမ်းနံဘေးရှိ ဆုတောင်းပြည့်ဘုရားထောင့်အနီးတွင် လမ်းအကွေ့တိုးချဲ့၍ လမ်းနှင့်မလွတ်ကင်းသည့် ဆက်သွယ်ရေးတိုင်များ နေရာရွေ့ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသော တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့တို့အား ဂုဏ်ပြုငွေများပေး အပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ပန်းမြို့ အောင်ချမ်းသာ ပရိယတ္တိစာသင်တိုက်ကျောင်းအနီးရှိ ချောင်းမှရေကြီးရေလျှံဖြစ်ပေါ်နေမှုကို သွားရောက်ကြည့်ရှုပြီး မြို့မိမြို့ဖတစ်ဦးက လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးကော်မတီဖွဲ့၍ ပူးပေါင်းဆောက်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ရေနုတ်မြောင်း များကိုလည်း ရေရှည်အတွက် ကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်နှင့် မီးရထားသံလမ်းအနီးရှိ ရေပြွန်ပေါက်ကျဥ်းနေမှုကိုလည်း သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ပန်းမြို့ သာမိုင်ခမ်းဆည်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တောင်ကျရေများကြောင့် ကလောချောင်းရေမြင့်တက်လာ၍ ယနေ့နံနက်ပိုင်းတွင် ကလောမြို့အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံများဖြစ်ပေါ်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ချောင်းရေနှင့် ရပ်ကွက်အတွင်းရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး