
ကလော ဇူလိုင်-၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများသည် ကလောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဇူလိုင် (၂၃) ရက်နံနက်(၉)နာရီခွဲအချိန်တွင် ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်းသိရသည်။
အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့် က ဒေသဆိုင်ရာအချက်အ လက် များရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ကလောခရိုင်၊ နမ့်စန်ခရိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံခရိုင်တို့ကို စံပြခရိုင်အဖြစ်ရွေး ချယ်ထားပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကလောမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး သစ်ပင်များ ကွက်လပ်ဖြည့်စိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ သစ်တောမြေ အသုံးချဆောင်ရွက်မှုများကို စနစ်တကျ စိစစ်ပေးရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စိုက်ပျိုးရေးကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း အသားဖူလုံမှုရှိစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောဘူတာရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄)ကလော တာဝန်ရှိသူတစ်ဦးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ တာဝန်ရှိသူတစ်ဦးမှ လမ်းပေအရှည်(၄၀၀၀) တွင် ၉ မီတာ ကွန်ကရစ်တိုင်(၄၃)တိုင် စိုက်ထူ၍ 100Watt (LED) မီးလုံး(၄၃) လုံး တပ်ဆင်ဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့်ကာလမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းမှာကြား၍ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောဘူတာရုံရှေ့လမ်းနှင့် အဆောက်အဦ၊ ခြံစည်းရိုး ကာရံဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ နန်းသဲချောင်းကူးတံတား ပြန်လည်ပြုပြင်တည်ဆောက်မည့် နေရာကိုလည်းကောင်း၊ ကလော အင်းပြင်ရှိ မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုအခြေနေနှင့် လမ်းတိုးချဲ့ဆောင် ရွက်မည့်နေရာတို့ကို လည်းကောင်းကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး