နောင်ချို ဇူလိုင်-၂၀
တပ်မတော်အနေဖြင့် ပြည်သူ လူထု အေးချမ်းစွာ နေထိုင်နိုင် ရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)upo ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကြမ်းဖက်သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်းဒေသ တစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်က အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင် ခဲ့မှုအပေါ် နောင်ချိုမြို့ရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအနေ ဖြင့် ဝမ်းသာစွာ အားပေးထောက်ခံ ကြိုဆိုလျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၁၉ ရက်တွင်လည်း နောင်ချိုမြို့၌ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ပညာရေး၊ ကျန်းမာ ရေးဆိုင်ရာများ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများသည် နောင်ချိုမြို့သို့ သွားရောက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအားလိုအပ်သည့် ကူညီထောက်ပံ့ ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာ များ၊ အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်(၂၀)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့ သာသနာနှစ်ထောင့် ငါးရာစေတီတော်သို့ သွားရောက် ကာ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ် လှူဒါန်း၍ စေတီတော်အား ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ချိုမြို့၊ မြို့ဦးကျောင်းတိုက်သို့ သွားရောက်၍ နောင်ချိုမြို့ ပေါ်ရှိ ဆရာတော်ကြီး(၁၀)ပါးအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းပေးကြပြီး မြို့ဦးကျောင်းတိုက်ဆရာတော် ဦးအင်ဂူရထံမှ တရားတော်နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ချိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့များမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှူအားပေး၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဇူလိုင်လ(၂၅)ရက်နေ့တွင် ကျောင်းများဖွင့်လှစ်နိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ဆောင်ရွက်ပေးရန်၊ ဆရာ၊ ဆရာမများ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ ကျောင်းအပြင်ရှိ စျေးဆိုင်ခန်းများ သန့်ရှင်းရေး ဆောင်ရွက်ပေးရန် ပညာရေးဌာနမှ တာဝန်ရှိသူ များအားမှာကြားခဲ့ပြီး နောင်ချိုပညာရေးမှူးရုံးသို့ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နောင်ချိုမြို့၊ ဗုဒ္ဓသာသနာ့ရောင်ခြည်ဗိမာန်တော်တွင် ဒေသခံပြည်သူများအား တပ်မတော် ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ချိုမြို့၊ မြို့တော်ခန်းမ သန့်ရှင်းဆောာင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေး၍ အဓိကကျသောနေရာများကို လျှပ်စစ်မီးရရှိအောင် ဦးစားပေး၍ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ပြီး ဒေသခံပြည်သူများမှ အိမ်ဆိုင် ဖွင့်လှစ်ရောင်းဝယ်နေမှုကို ကြည့်ရှု၍ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် နောင်ချိုရဲစခန်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး