တောင်ကြီး ဇူလိုင်-၁၈
တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားကဏ္ဍသည် ဒွန်တွဲနေပြီး အားကစားမှသည် စိတ်ဓါတ်ခိုင်မာမှု၊ စည်းကမ်းရှိမှုနှင့် အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်ရည်မှန်း၍ ဇူလိုင်(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ၂၀၂၅ခု နှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ် အလိုက် အသက်(၂၅)နှစ် အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဖူဆယ်အားကစားနည်းအပေါ် မျိုးဆက်သစ် လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖူဆယ်အားကစားနည်းများ ပြန့်ပွားလာစေရန်၊ မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ ယခုပြိုင်ပွဲမှသည် ပြည်နယ်မှအားထားရသည့် ဂုဏ်ဆောင်အားကစားသမားများပေါ် ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အားကစားသမားများအနေဖြင့် အားကစား စိတ်ဓာတ်ကိုအရင်းခံပြီး စည်းမျဥ်း၊ စည်းကမ်းများအတိုင်း သန့်ရှင်းစွာယှဥ်ပြိုင်ကစားသွားကြရန်၊ မိမိတို့၏အရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် အသင်းအောင်နိုင်ရေးအတွက် အနိုင်မခံ၊ အရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ကစားကြရန်၊ မြို့နယ်အဆင့်မှ ခရိုင်၊ ခရိုင်အဆင့်မှသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ထိုမှတစ်ဆင့် နိုင်ငံက အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် ဖူဆယ် ကစားသမားများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဖူဆယ်ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ ဖူဆယ်ဘောလုံးများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ယင်းနောက် ပြိုင်ပွဲအဖွင့်ပွဲစဥ်တွင် တောင်ကြီးမြို့နယ်အသင်းနှင့် မိုးနဲမြို့နယ်အသင်းယှဥ်ပြိုင် ကစားကြရာ တောင်ကြီးမြို့နယ်အသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရပြီး ပြိုင်ပွဲယှဥ်ပြိုင်နေမှုကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ကျောင်းသား၊ကျောင်းသူများ၊အားကစားဝါသနာရှင်များမှကြည့်ရှုအားပေးကြသည်။
အဆိုပါ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၂၄)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇူလိုင်လ(၁၈)ရက်မှ(၂၄)ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး