မိုင်းပန် ဇူလိုင် ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၈) ရက်နံနက်(၉)နာရီ က ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ သံလွင်တံတား(တာဆန်း) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်တံတား(တာဆန်း)တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၄) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက သံလွင်တံတား (တာဆန်း)တည်ဆောက်ရေးစီမံကိန်း ၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်း က နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း(နမ့်စန်-တာဆန်း) လမ်းပိုင်းရှိ လမ်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ရှမ်းပြည်နယ် (အရှေ့ပိုင်း)လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရဇော် က နမ့်စန် – မိုးနဲ – မိုင်းတုံ – မိုင်းဆတ်လမ်း (တာဆန်း – မိုင်းတုံ – မိုင်းဆတ်) လမ်းပိုင်းရှိလမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တံတားတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနေထိုင်သော နေရာများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိဆောင်ရွက်ပေးရန်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ သဲစုတ်ထုတ်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်ပေးရန်၊ လမ်းပိုင်းအလိုက် လုပ်ငန်းငန်းများဆောင်ရွက်ရာတွင် လမ်းများရေရှည် တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး၊ စံချိန်၊ စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန်၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးတို့ကို ကြပ်မတ်ဆောင်ရွက်ပေးကြရန်၊ တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် စနစ်တကျ ကြီးကြပ်စစ်ဆေးဆောင်ရွက်ရန်နှင့် သံလွင်တံတား(တာဆန်း)တံတားကို ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုမှာကြားသည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သံလွင်တံတား(တာဆန်း)တံတား အောက်ဘက်ရှိလမ်းများကို ပြန်လည်စိစစ်ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ရဟတ်ယာဥ်ကွင်းဆောင်ရွက်မည့်နေရာကို စနစ်တကျစိစစ်တင်ပြပေးရန် လိုအပ်မှုများအားလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးက တံတားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးရန်လိုအပ်မှုအားလည်ကောင်း ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သံလွင်တံတား(တာဆန်း) တံတား တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ သံလွင်တံတား(တာဆန်း)တံတား တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၆ခုနှစ် မတ်လ(၃၁) ရက်နေ့တွင် စီမံကိန်းလုပ်ငန်းများပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး သံလွင်တံတား(တာဆန်း)သည် အရှည် ၈၇၆ ပေ (၂၆၆.၈၆၁ မီတာ)၊ယာဉ်သွားလမ်းအကျယ် ၂၈ ပေ (၈.၅မီတာ) ၊ရေကင်းလွတ်အကျယ်၂၈၀ ပေ ၊ ရေကင်းလွတ် အမြင့် ၃၄ ပေ ရှိကြောင်းသိရှိရပြီး ယနေ့အထိ တံတားတည်ဆောက်ရေးလုပ်ငန်း (၈၃) ရာခိုင်းနှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းတုံခရိုင်၊ မိုင်းတုံမြို့သို့သွားရောက်၍ မိုင်းတုံမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်း တံတားအမှတ် (၂/၂၃၆)ကို ပေ (၉၀) ဘေလီတံတားပြန်လည်တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်စပ်လျဉ်း၍ မိုင်းတုံခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊မိုင်းတုံမြို့နယ်၊နမ့်တုံချောင်း၊ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုအပေါ် သဲနုန်းပြန် လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်စပ်လျဉ်း၍ မိုင်းတုံခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်းရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က လုပ် ငန်းများကို ဦးစားပေးအဆင့်အလိုက် စနစ်တကျ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မိုင်းတုံခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသနေပြည်သူများ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တောင်သူများ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရေး သက်ဆိုင်ရာဌာနများနှင့်တောင်သူများ ထိတွေ့ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးသီးနှံများ ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးမှုများကို တောင်သူများ လက်ဝယ်ရောက်ရှိအောင် စနစ်တကျစီမံဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး သက်ဆိုင်ရာဌာနများ၊ မိဘပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများအားလုံးသည် ပြည်သူများ အားကိုး အားထားပြုရသည့် ဌာနများဖြစ်ရန်လိုအပ်ပါကြောင်း၊ မြို့မိမြို့ဖများထံ အကြံဥာဏ်တောင်း၍ ပြည်သူ့အကျိုးပြုလုပ်ငနများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများနှင့် ထိတွေ့ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဒေသလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရန် စည်ပင်သာယာရေးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားကာ တာဆန်း – မိုင်းတုံ – မိုင်းဆတ်လမ်း တံတားအမှတ် (၂/၂၃၆)ကို ပေ(၉၀) ဘေလီတံတား ပြန်လည်တည်ဆောက် ပြီးစီးမှုအခြေအနေနှင့် သဲနုန်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး