
မိုးနဲ ဇူလိုက်-၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၇)ရက် နံနက်(၁၁)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ မိုးနဲမြို့အရာရှိရိပ်သာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က သဘာဝဘေးကြောင့် တောင်သူများစိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်မှုများရှိသဖြင့် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင်ပန်းတိုင် အထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးစပါး၊ ဓါတ်မြေသြဇာများနှင့် စိုက်ပျိုးရေရရှိရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ မိမိတို့ဒေသစိမ်းလန်းစိုပြေရေး၊ သာယာလှပရေးအတွက် မိုးရာသီကာလတွင် သစ်တော၊ သစ်ပင်များစိုက်ပျိုးပေးကြရန်နှင့် စိုက်ပျိုးပြီးအပင်များရှင် သန်ကြီးထွားရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် လိုအပ်ပါကြောင်း၊ သဘာဝပတ် ဝန်းကျင်ဂေဟ စနစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေး သက်ဆိုင်ရာဌာနများ၊ ဒေသနေမိဘပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ကျန်းမာ ရေး၊စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများမှ လိုအပ်ချက်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ကစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ ပန်းတိုင်အထွက် နှုန်း ကောင်းမွန်ရေးတောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုနှင့်စပ်လျဉ်း၍လည်း ကောင်း၊ လမ်းများ ရေရှည်ကောင်းမွန်ရေး၊ ပျက်စီးမှုမရှိစေရေးအတွက်ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စာသင်ကျောင်းများတွင် ကျောင်းသား/သူများ ပြည့်မီရေးအတွက်သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မှုနှင့်စပ်လျဉ်း၍ လည်းကောင်း ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး က မျိုးစေ့ထုတ်လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် ရှမ်းပြည် နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးမြို့နယ်ရှိ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပိုင်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများရေရှည်တည်တံ့ကောင်းမွန် ရေးအတွက် သတ်မှတ် စံချိန်၊စံညွှန်းပြည့်မီအောင် ဆောင်ရွက်ပေးရန်၊သတ်မှတ်ကာလအတွင်း အချိန် မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လမ်းပိုင်းရှိ မျက်ကွယ်ကွေ့များကို ဦးစားပေး၍ ခြုံနွယ်ပင်များရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ပေးရန် မှာကြား၍ ကျောက်တောင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မြေထိန်းနံရံဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး