တောင်ကြီး ဇူလိုင်-၃
၂၀၂၅ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂)ရက်မွန်းလွဲ(၁)နာရီအချိန်တွင် တောင်ကြီးမြို့ ရှမ်းပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယခင်နှစ်အတိုင်း သာသနာလင်္ကာရ ကမ္ဗောဇ သာသနာ့ဗိမာန်တွင် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ ထို့အတူ နှစ်စဥ်နှစ်တိုင်း ဝါတွင်းကာလ ဥပုဒ်နေ့များတွင် ဆွမ်းလောင်းလှူပွဲများ ဆောင်ရွက်ခဲ့ရာဆရာတော်ကြီးများ၏ ဩဝါဒလမ်းညွှန်မှုများအရ ပြီးခဲ့သည့်နှစ်မှစ၍ ဆွမ်းလောင်းလှူပွဲကို ဥပုဒ်နေ့အစား အဖိတ်နေ့သို့ ရက်ပြောင်းရွေ့ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်နှစ်က သက်ဆိုင်ရာဌာနများက ဆွမ်း၊ ဆွမ်းဟင်းများကို စုပေါင်းလှူဒါန်းမှုများ ရှိခဲ့ပါကြောင်း၊ လှူဒါန်းမှုကိစ္စရပ်များအတွက် ဌာနများအား ရက်သတ်မှတ်၍ ဆောင်ရွက်ခြင်းမျိုး မရှိစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများမှ လှူဒါန်းလိုပါက ကြိုဆိုပေးရမည်ဖြစ်ပါကြောင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲနှင့် ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲအတွက် လိုအပ်သည်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာကော်မတီအလိုက် အကြံပြုဆွေးတင်ပြကြရန် ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး ပြည်နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကျင်းပရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဝေယျာဝစ္စလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းကော်မတီ၊ သံဃာတော်များ ကြိုဆိုနေရာချထားရေးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရေး လုပ်ငန်းကော်မတီ၊ ပင့်လျှောက်၊ ဖိတ်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေကြီးကြပ်ရေးလုပ်ငန်းကော်မတီ လုံခြုံရေးလုပ်ငန်းကော်မတီတို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအားတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအလိုက် ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး