တောင်ကြီး ဇူလိုင်-၃
၂၀၂၅ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့ မြန်မာအမျိုးသမီးများနေ့ကို အခမ်းအနားကို ဇူလိုင်လ(၃)ရက် နံနက်(၉)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံ ဒေသ အသီးသီးတွင် နေထိုင်ကြသည့် မြန်မာအမျိုး သမီးများအားလုံးအတွက် ယနေ့သည် ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်၍ မြန်မာအမျိုးသမီးများအားလုံးကိုလှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း၊နိုင်ငံတော်၏ ကဏ္ဍစုံတွင် အမျိုးသမီးများအနေဖြင့်အမျိုးသားများနှင့်တန်းတူရင်ပေါင်တန်းပါဝင် ဆောင်ရွက်လာနိုင်စေရန် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများအနေဖြင့် အရည်အချင်း၊ အရည်အသွေးပြည့်ဝရေး၊ အသိပညာဖွံ့ဖြိုးရေး၊ ဗဟုသုတပြည့်စုံရေးကို ကြိုးစားအားထုတ်ကြရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကလည်းလိုအပ်သော နည်းပညာများ၊ ငွေကြေးနှင့် သင်ထောက်ကူပစ္စည်းများကို နှစ်စဥ်ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် နယ်ပယ်အသီးသီးမှ နိုင်ငံတော်အဆင့် ထူးချွန်အမျိုးသမီးများကို ပြည်နယ်အစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြု သွားမှာဖြစ်ပြီး ရှမ်းပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသော သမီးငယ်များကိုလည်း အထူးကျေးဇူးတင် ရှိပါကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးဇော်မင်းက ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဥ်များအားရှင်းလင်းတင်ပြပြီး ပညာရေးဒီဂရီကောလိပ် မှကျောင်းသူလေးများက မြန်မာအမျိုးသမီးများနေ့သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ” အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ ” Video Clip အားပြသပြီး ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ထူးချွန်အမျိုးသမီးဂုဏ်ပြုဆုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တွင် နှစ်ပေါင်း(၂၀) ကျော်ကြာ လူမှုရေးလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်း ဂုဏ်ပြုဆုများကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ က လည်းကောင်း၊ အခမ်းအနားတွင် သီဆို၊ ကပြဖျော်ဖြေပေးကြသည့် ကျောင်းသူကျောင်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ဇနီးကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူကျောင်းသားများက “မင်္ဂလာပါ”သီချင်းဖြင့်လည်းကောင်း၊ ကျောင်းသူလေးများက” မြန်မာမလေးပါရှင့်”သီချင်းဖြင့် လည်းကောင်း၊ အမှတ် (၁၄) အခြေခံ ပညာအလယ်တန်းကျောင်းမှ ကျောင်းသူများက ရှမ်းအကဖြင့် လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသူများက “ရွှေဘိုသနပ်ခါး” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုဏ်ပြုဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီး ဆုရရှိသူများနှင့် အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး