တောင်ကြီး ဇူလိုင်-၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၁)ရက်နံနက်(၉) နာရီအချိန်တွင် တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး၊ လမ်းများပိုမိုကောင်းမွန်လာစေရေး၊ ဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် တောင်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ အတက်လမ်းထောင့်ရှိ လုံခြုံရေးဂိတ် ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းခွင်အား လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီကုမ္ပဏီတို့ပူးပေါင်း၍ လမ်းတိုးချဲ့ပြီး နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွှေဘုန်းပွင့်ဘုရားအတက် လမ်းညွှန်ဆိုင်းဘုတ်နေရာကို စနစ်တကျသတ်မှတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လမ်းများရေရှည်ကောင်းမွန်ရေးအတွက် သတ်မှတ်စံချိန် စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြစိမ်းတောင်ဘုရားအဆင်းလမ်းရှိ လမ်းကွေ့နေရာများသည် ကျဥ်းနေ၍ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နေလလမ်းမှ ပညာဗောဓိကျောင်းသို့သွားသည့် လမ်းဆုံအထိ AC လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့်နေရာနှင့် လမ်းနယ်တိုးချဲ့ခြင်း၊ အခြေခံလွှာခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေအား လည်းကောင်း၊တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်ရှိ မင်းရဲကျော်စွာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (အပိုင်း-၂) ဆောင်ရွက်မှုအခြေအနေအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပြီးစီးပါက ရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကားလမ်းမဘေးရှိ စျေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်ရေးလိုင်းများ သတ်မှတ် ထားသည့်စည်းကမ်းများနှင့်အညီ စနစ်တကျရှိစေရေး သက်ဆိုင်ရာကုမ္ပဏီအား အသိပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ဂနိုင်ကန်လမ်း၊လမ်းသားတိုးချဲ့၍ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေနေအားလည်းကောင်း၊ ဂနိုင်ကန်(၃)ကန် အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင် အုတ်တံတိုင်းကာရံထားရှိမှုနှင့် ရေထွက်ပေါက် ဆောင်ရွက်ထားရှိနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဂနိုင်ကန်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကန်အတွင်းရှိအမှိုက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် သန့်ရှင်းရေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကန်အဝင်အထွက်လမ်းအား စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေး စည်ပင်သာယာရေးဌာနမှ လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး