တောင်ကြီး ဇွန်-၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်(၁၈)ရက်မွန်းလွဲ(၁)နာရီခွဲက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာရပ်ကွက် အမှတ်(၂) ဦးသောင်းကြည်၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဥစားကြက်မွေးမြူရေးခြံနှင့်ပတ်သက်၍ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးကရှင်းလင်းရာ ဥစားကြက်နှင့်ငါးမွေးမြူပြီး လက်ရှိမွေးမြူမှုကောင်ရေ ဥစားကြက်(၁၆၃၁၀၀)ကောင်၊ ငါးမုတ်နှင့်ငါးဒန်(အနည်းငယ်)မွေးမြူ၍ လက်ရှိဥစားကြက်ကြီး မွေးမြူထားရှိမှုမှာ ဥစားကြက်(၉၈၁၀၀၀)ကောင်၊ ကြက်ဥနှုန်း(၇၂.၈၅)ရာခိုင်နှုန်း၊ လက်ရှိဥစားကြက် ကြက်လတ်၊ ကြက်ငယ်မွေးမြူထားရှိမှု (၆၅၀၀၀)ကောင်ရှိပြီး အစာစပ်စက်ရုံမှ တစ်ရက်လျှင်ပျမ်းမျှ (၁၀)တန်ပတ်ဝန်းကျင်ထုတ်လုပ်ပြီး ကိုယ်တိုင်ကျွေးမွေးရန် ထုတ်လုပ်ကြောင်း ရှင်းလင်းသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကြက်ချေးများအနံမထွက်စေရန် ကြက်ချေးကန်များ ဆောင်ရွက်ထာရှိရန်လိုအပ်ပါကြောင်း ဖြည့်စွက်မှာကြားခဲ့ပြီး ကြက်ခြံ၊အစာစပ်စက်ရုံနှင့် ငါးကန်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ကလောခရိုင်၊ ဟဲဟိုးမြို့ မိတ္ထီလာ – တောင်ကြီးသွားသော ပြည်ထောင်စုလမ်းမကြီးဘေးရှိ မျိုးချစ်နို့စားနွားခြံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက နို့စားနွားမွေးမြူထားမှု အခြေအနေအားရှင်းလင်းရာ (၃)နှစ်အောက် နို့စားနွားအမ(၄)ကောင်၊ (၃)နှစ်အထက်အထီး(၂)ကောင်၊ အမ(၂၆)ကောင်၊ စုစုပေါင်း(၃၂)ကောင်မွေးမြူထားပြီး လက်ရှိနို့ပေးနွားမ(၁၄)ကောင်မှ တစ်ရက်နို့ပိဿချိန် (၈၀)ပိဿခန့်ထွက်ရှိကြောင်းနှင့် အညစ်အကြေးစီမံထားရှိမှာ နွားခြံမှနွားချေးများအား
Biogasပြုလုပ်ရန်နှင့် EMဖျော်ရည်ပြုလုပ်ခြင်းနှင့် ခြံတွင်းရှိစိုက်ပျိုးသီးနှံများအား မြေသြဇာထည့်သွင်းခြင်း ဆောင်ရွက်ပြီး နို့ထွက်ပစ္စည်းများအဖြစ် ဒိန်ချဥ်၊ အသင့်သောက်နို့နှင့် ထောပတ်၊ အဆီထုတ်နို့၊ နို့ခဲများပြုပြင်ထုတ်လုပ်ပြီး တောင်ကြီး၊ နောင်တရား၊ ပင်လောင်း၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရပ်စောက်၊ ညောင်ရွှေ၊ စသည့်မြို့များသို့ ဖြန်ဖြူးလျက်ရှိကြောင်းနှင့် တိရစ္ဆာဆန်အစာအတွက် ခြံအတွင်းကိုယ်တိုင် နေဗွီယာ(၂)ဧကနှင့် မွန်ဘားဆား(၁)ဧကခန့် စိုက်ပျိုးထားပြီး ဒေသတွင်းကောက်ရိုး၊ ပဲဖတ်၊ ဝါစိဖတ်၊ ပြောင်းမှုန့်များ ဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းသွားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွားနို့ညှစ်ရာတွင် နည်းပညာမြှင့်နို့ညှစက်ဖြင့် နို့ညစ်နေမှုနှင့် ခြံအတွင်းရှိ နို့စားနွားများ၊ ဒိန်ချဥ်ထုတ်လုပ်သည့်စက်ရုံ၊ ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် မွန်ဘားစားနှင့် နေဗီယာမြက်မျိုးများ လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး