အေးသာယာ နိုဝင်ဘာ-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၂) ရက်၊ နံနက် (၈) နာရီခွဲက အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)ဝန်ထမ်းများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နည်းပညာတက္ကသိုလ်မှ တက်ရောက်လာကြသည့် ဝန်ထမ်းများအခက်အခဲရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်မှ တက္ကသိုလ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်အပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ကျောင်းသား၊ ကျောင်းသူ များ၏ လက်တွေ့ခန်း၊ စာသင်ခန်းနှင့် K-Walla Co,Ltd မှ တာဝန်ယူတည်ဆောက် နေသော (၃၂) ဦး ဆံ့ (၃) ထပ် RCC ဆရာ၊ ဆရာမအဆောင် (၁) လုံး ဆောက်လုပ်နေမှု၊ အလျား (၃၆၀’×၂၁၀’) ဘောလုံးကွင်း တည်ဆောက်ခြင်း၊ Ground Tank နှင့် လျှပ်စစ်လုပ်ငန်းအပါ ဆောက်လုပ်နေမှု၊ ကျောင်းရှိစာသင်ဆောင်အဟောင်းတို့ကို လှည့်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးကွင်းနှင့်ပတ်သက်၍ စံချိန်စံညွှန်းနှင့်အညီ ကောင်းမွန်စွာဆောင်ရွက်ပေးရန်နှင့် စာသင်ဆောင်အဟောင်အား လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံရာ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းတာဝန်ခံ တစ်ဦးမှ ကျောင်းနှင့် ပတ်သက်သည့်အချက်အလက်များအားရှင်းလင်း၍ ကျောင်းအတွက်လိုသော TV (၂) လုံးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းရှိလက်တွေ့ဆောင်ရွက်နေသည့် အလုပ်ရုံနှင့် TVထားရှိမည့်အခန်းတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး နည်းပညာတက္ကသိုလ်(တောင်ကြီး)ကျောင်းအဝင်လမ်းရှိ ရေနုတ်မြောင်းများ မြောင်းဖုံးဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အေးသာယာမြို့ရှိ တိုင်းရင်းဆေးရုံ တောင်ကြီးတွင် ဆေးကုသမှုခံယူနေသော သံဃာတော်နှင့်ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြား၍ အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းရင်းဆေးရုံမှ ဆရာမများက ဆေးကုသပေးနေမှုကိုကြည့်၍ ဝန်ထမ်းများနှင့် ဆေးရုံအတွက် လိုအပ်သောသောက်ရေသန့်စက်များကို ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းဆေးရုံအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းပေးအပ်ရာ တိုင်းရင်းဆေးရုံရှိ တာဝန်ရှိသူများမှ လက်ခံရယူကြကြောင်း သိရသည်။
အဆိုပါ အေးသာယာတိုင်းရင်းဆေးရုံတွင် လာရောက်ကုသခံယူသူ အမျိုးသား (၁၂) ဦး၊ အမျိုးသမီး (၂၄) ဦး ဆေးကုသမှုခံယူနေကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့