တောင်ကြီး နိုဝင်ဘာ-၂၈
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ (၂၈) ရက် ညနေ(၄)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကုမ္ပဏီများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားရင်းနှီးမြုပ်နှံမှုကို ခွင့်ပြု အတည်ပြုပေးသွားမည် ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့မှသာ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများကို ပုံမှန်စစ်ဆေး၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလေးနိုင်က Kut Khaing Khan Kyaing Company Limitedက CMPစနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဖုန်းဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆံပင်အတုနှင့် ဖန်စီပစ္စည်းများထုတ်လုပ် ခြင်းလုပ်ငန်းတို့ကို အတည်ပြုမိန့်ဖြင့် ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် Kut Khaing Khan Kyaing Company Limited မှ တာဝန်ရှိသူတစ်ဦးက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံမြေနေရာနှင့် လုပ်ခလစာများ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက်Kut Khaing Khan Kyaing Company Limited က CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဖုန်းဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆံပင်အတုနှင့်ဖန်စီပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူးက Myanmar Pure plant Extracts Company Limited ၏ တိရိစ္ဆာန်အစာအတွက် သုံးသော ဂန္ဓမာပန်းမျိုးစိတ်များ (Marigold) ၏အမှုန့်များအား ထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းလုပ်ငန်းကို လုပ်ငန်းတည်နေရာ ပြောင်းလဲလုပ်ကိုင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြ၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပြီး နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ ဆံပင်အတုနှင့် ဖန်စီပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖုန်းဆက်စပ်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာသော KUT KHAING KHAMKYAING COMPANY LIMITED ၏ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုကို အတည်ပြုမိန့် ထုတ်ပေးရန်ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါလုပ်ငန်း(၃)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သန်း (၈၈၉၇.၈၅၆)ရှိပြီး ပြည်တွင်းအလုပ် အကိုင် အခွင့်အလမ်းပေါင်း(၉၀၀)ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
