
နောင်ချို ဇူလိုင်- ၁၉
TNLA၊ DPLA အဖွဲ့များနှင့် MDY PDF အမည်ခံအကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် တောင်ခမ်း ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်စစ်ကြောင်များက အဆင့်ဆင့်ခြေကုတ်ယူ၍ ချေမှုန်းဆောင်ရွက် ခဲ့ရာ ၎င်းလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့ သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်း ဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို တပ်မတော်ကအပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာနေရာမှ ၎င်းတို့၏ နေရပ်ဒေသများသို့ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိ ကြောင်းသိရသည်။
ဒေသခံပြည်သူများ ပုံမှန်နေထိုင်သွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၁၉)ရက် မွန်းတည်(၁၂)နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၊ စည်ပင်သာယာရာရေးရုံးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဘက်အရာရှိကြီးများနှင့်တွေ့ဆုံ၍ နောင်ချိုမြို့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒေသခံတိုင်းရင်းသားပြည်သူများ အမြန်ဆုံး ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များတွင် ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးရန်နှင့် လျှပ်စစ်မီးရရှိရေးကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးယန္တရား အမြန်ဆုံး လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးက နိုင်ငံ့ဝန်ထမ်းများကို လုံခြုံရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးကိစ္စရပ်များတွင်လည်း အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီး ဌာနကို ပြောကြားပြီးဖြစ်၍ ပညာရေးဌာနကလည်း ဆရာ၊ ဆရာမများ ရောက်ရှိမှုကိုတင်ပြပေးကြရန်၊ ကျန်းမာရေးကိစ္စရပ် များတွင်လည်း ယာယီဆေးရုံကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
၎င်းနောက် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီဆေးခန်းဖွင့်လှစ်နိုင်ရန်အတွက် နောင်ချိုမြို့၊ ဗုဒ္ဓသာသနာ့ ရောင်ခြည်ဗိမာန်တော်ကြီးအား သွားရောက်ကြည့်ရှုပြီး ဟော်တော်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး နောင်ချိုမြို့ သို့ ပြန်လည်ဝင်ရောက်လာသော ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတိုင်းရင်းသားပြည်သူ များ ပြန်လည်ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်သူများစားသောက်ရေးအတွက် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ နောင်ချိုမြို့ကို ယခင်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် နဂိုမူလအတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတွင် ယာယီ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ဒေသခံပြည်သူလူထုမှ ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်မီး ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများကို အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)ပိဿ၊ ကုလားပဲ၊ ငါးပိတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက ဒေသခံပြည်သူများ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် နောင်ချိုမြို့၊ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန် ပစ္စည်းများပေးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ချိုမြို့ပြည်သူ့ဆေးရုံ၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာသို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး