ပင်းတယ ဇူလိုင် – ၁၄

၁၄-၇-၂၀၂၃ ရက်နေ့ ညနေ ၁၈၂၀ အချိန်ခန့်တွင် ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကြာအင်းကန်အနီးရှိ မြေကွက်လပ်တွင် ဂျင်ဝိုင်း လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ဒုခရိုင်မှူး ရဲမှူး နေမျိုး ဦးစီးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ် ဝင်းဇော်ထွန်း ဦးစီးအဖွဲ့၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ် နေလင်းဦး ဦးစီးအဖွဲ့၊ ဒုရဲအုပ် အောင်ဇော်လတ် ဦးစီး၊ ပင်းတယမြို့မရဲစခန်းမှူး ဒုရဲမှုး အေးမင်း ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ဂျင်ဝိုင်းလောင်းကစားဒိုင်များ ဖြစ်သည့် ဦးသိန်းမြင့် ၅၈နှစ်၊ (ဘ)ဦးရွှေ၊ အမှတ်(၁၈)၊ ရပ်ကွက်(၁၁)၊ ပင်ဖြစ်ကျေးရွာ၊ ရပ်စောက် မြို့နယ်၊ ဦးချစ်တင် ၆၁ နှစ်၊ (ဘ)ဦးငယ်၊ နတ်အင်းကျေးရွာ၊ မိုင်းလီကျေးရွာအုပ်စု၊ ပင်းတယမြို့နယ်၊ ဦးမောင်အေး ၄၄ နှစ်၊ (ဘ)ဦးမြဟန်၊ သပြေကုန်းကျေးရွာ၊ တောင်ရှည်ကျေးရွာအုပ်စု၊ ပင်းတယမြို့နယ်၊ ဦးမောင်လေး ၄၉ နှစ်၊ (ဘ)ဦးပိုင်၊ လယ်ပြင်ကျေးရွာ၊ တောင်ရှည်ကျေးရွာအုပ်စု၊ ပင်းတယမြို့နယ် နေသူတို့ (၄)ဦးနှင့် လောင်းကစားဂျင်ဝိုင်းတွင် ရောက်ရှိလောင်းကစားနေကြသည့် ကိုနေမျိုးပါ (၂၄)ဦး၊ စုစုပေါင်း(၂၈)ဦးတို့အား လောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများ၊ လောင်းကြေးငွေ ၃,၄၅၀,၀၀ဝိ/-၊ မော်တော်ယာဉ်(၅)စီး၊ ဆိုင်ကယ် (၁၉)စီး၊ မိုဘိုင်းလ် ဖုန်း(၉)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့၍ ၂၁၄၀ အချိန်တွင် ပင်းတယမြို့မရဲစခန်းမှ လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းသိရသည်။
လောင်းကစားမှုများသည် လူမှုစီးပွားဘဝကို ထိခိုက်ပျက်စီးပြီး ကိုယ်ကျင့်တရား ပျက်ပြားကာ နယ်မြေအတွင်း ခိုးမှု၊ လုယက်မှုများ ပြုလုပ်လာနိုင်သည်ဖြစ်၍ နယ်မြေအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လောင်းကစားမှုများ လျော့ပါးပပျောက်အောင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့