တောင်ကြီး ဇန်နဝါရီ-၁၃
ရှမ်းပြည်နယ်ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ဒေသဖွံ့ဖြိုးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ(၁၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က နေပြည်တော်တွင် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးသို့ သွားတက်ရောက်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့်သီးခြားတွေ့ဆုံခဲ့၍ မှာကြားချက်များနှင့် လက်ရှိစိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်များမှ အစည်းအဝေးတက်ရောက်သည့်အခါ သက်ဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် အဓိကဌာန များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ စည်ပင်သာယာရေးဌာနများနှင့် ဆက်နွယ်သောဌာနများကို အစည်းအဝေးဖိတ်ကြားရခြင်း ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိးရေးဆောင်ရွက်သည့်အခါ စီမံကိန်း၊ စာရင်းစစ်၊ ရသုံးမှန်းခြေဦးစီးဌာန ဖိတ်ကြားဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့်နွေရာသီကာလတွင် ပြည်သူလူထုအတွက် လျှပ်စစ်မီးများ လိုအပ်ချက်များရှိမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် မဖြစ်မနေအရေးကြီးသောအပိုင်းတွင် ပါဝင်နေပါကြောင်း၊ ကုန်ထုတ်လုပ်မှုများ၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်သည်ဖြစ်စေ လျှပ်စစ်ကဏ္ဍသည် အရေးကြီး ပါကြောင်း၊ အသုံးပြုနိုင်သောအသုံးပြုသင့်သော ရရှိရထိုက်သင့်သည့်လျှပ်စစ်ဓာတ်အားများကို သက်ဆိုင်ဝန်ကြီးဌာနနှင့် ဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဆိုင်ရာ ဌာနများ လျှပ်စစ်ဓာတ်အားရရှိရန်မဖြစ်မနေဆောင်ရွက်သင့်သည့်ကိစ္စမှာ မြန်မြန်ဆန်ဆန် ရရှိရန်အတွက် ဆိုလာစီမံကိန်းဖြစ်ပါကြောင်း၊ ဆိုလာစနစ်မီးသည် တစ်ပိုင်တစ်နိုင်သုံးသင့်သည့် နေရာရှိသလို စက်မှုဇုန်၊ မွေးမြူရေးဇုန်များတွင် မြေနေရာရှိပါက ဆောင်ရွက်လို့ရပါကြောင်း၊ လျှပ်စစ်ဓာတ်အားလျှော့နည်းနေသောဒေသများတွင် ဖြေရှင်းနိုင်သည့်နည်းလမ်းမှာ ဆိုလာလုပ်ငန်း စီမံကိန်းဖြစ်သည့်အတွက် သက်ဆိုင်ရာခရိုင်များကလည်း မိမိဒေသတွင် ဆိုလာလုပ်ငန်း ရှိပါသဖြင့် မြေနေရာပေးနိုင်ပါရန်တင်ပြလာပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးလို့ရပါကြောင်း၊ အလားတူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ဆောင်ရွက်လို့ရပါကြောင်း၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသတွင် ပြန်လည်စိုက်ပျိုးရေးလုပ်ငန်းများ အစားထိုးဆောင်ရွက်ရသည့်အတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများနှင့်ပတ်သက်၍ ဆိုလာ စနစ်ဖြင့် ဆောင်ရွက်လို့ရပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းသည် နိုင်ငံအတွက် အရေးပါသော လုပ်ငန်းဖြစ်ကြောင်း၊ ဒေသအလိုက်ခရိုင်အလိုက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးသည် အရေးကြီးပါကြောင်း၊ လိုအပ်သည့်အပိုင်းတွင် စိုက်နည်းစနစ်ပညာများကို အောက်ခြေအထိဆင်း၍ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ငါးကို မွေးမြူပေးရန်နှင့် မွေးမြုရေးလုပ်ငန်းရှင်များ လာရောက်မွေးမြူနိုင်ရန်အတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စံပြစိုက်ခင်းကွက်များကို မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရန်နှင့် အပေါ်ယံစံပြစိုက်ခင်းမဖြစ်ရန် ဂရုစိုက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သဘာဝဘေးဖြစ်ပွားခဲ့သည့်ဒေသများတွင် လာမည့်နွေရာသီ၌ အစားထိုးပြန်လည် သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချနေသော ဆရာ၊ ဆရာမများကို စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်ပေးရန်လိုအပ်ပြီး ဆရာ၊ ဆရာမများအနေဖြင့် မူလတန်းကလေးများကို ထူးချွန်ထက်မြက်သော လူတော် လူကောင်းများဖြစ်ရန် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ မြေအသုံးချမှုအပိုင်းတွင်လည်း မြေပြဌာန်းချက်များ ဥပဒေရှိသောကြောင့် ဥပဒေအတိုင်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံသားတိုင်း တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ပေးရန်နှင့် သေချာကိုင်တွယ်ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှားကြားခဲ့ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးသည် အဓိကဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးမရှိပါက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လို့မရနိုင်ကြောင်း၊ ပြည်နယ်တစ်ခုကောင်းနိုင်ရန်အတွက် ပြည်နယ်မှာရှိသည့် ဌာနနှင့် ပြည်နယ်အောက်ရှိ ခရိုင်၊ မြို့နယ်ဌာနများကလည်း ပြည်နယ်ကောင်းအောင်ဆောင်ရွက်ပေးနိုင်သည့် အစီအမံများဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသအတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများ ဆွေးနွေးတင်ပြကြသည်။
၎င်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌများမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီးဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးရာ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များသည် ရေရှည်မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်နှင့် (၃၅)အကြားခေါ်ယူရန် မှန်ကန်စွာ ဆင့်ခေါ်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့