တောင်ကြီး မတ်-၈
နယ်မြေအခြေအနေများကြောင့် တောင်ကြီးမြို့ကို ပြောင်းရွေ့ခိုလှုံရောက်ရှိလာကြသော ဌာနဆိုင်များအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပေးအပ်ခြင်းကို မတ်(၈)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လတ်တလောဖြစ်ပွားနေသော နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ ယာယီတိမ်းရှောင်လာသော နိုင်ငံ့ဝန်ထမ်း ၁၃၀၉၅ဦး၊ ဝန်ထမ်းမိသားစု ၁၄၁၆၅ဦး၊ စုစုပေါင်း၂၇၂၆၁ဦးအနက် တောင်ကြီးမြို့ပေါ်တွင် ယာယီခိုလှုံ နေကြသော ဝန်ထမ်းမိသားစု ၃၅၀၀အိမ်ထောင်စုကို အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကူညီထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း၊ တောင်ကြီးမြို့ပေါ်မှာရှိသည့် ဝန်ထမ်းအိမ်ထောင်စု ၃၅၀၀စုကို ဦးစားပေးထောက်ပံ့ပေးခဲ့ပြီး တန်ဖိုးအားဖြင့် သိန်းပေါင်း၁၀၅၀ (သိန်းပေါင်းတစ်ထောင့်ငါးဆယ်) ခန့်ရှိပါကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၄,၆၁၁,၂၃၂ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၂မျိုး၊ ဝန်ထမ်းအင်အား ၃၅၀၀အတွက် ဆန်ရိက္ခာ (၁)လစာ တန်ဖိုးငွေ ၃၁,၅၀၀,၀၀၀ကျပ်၊ စုစုပေါင်းတန်ဖိုး ငွေ ၅၆,၁၁၁,၂၃၂ကျပ် ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လိုအပ်ချက်များကို စဥ်ဆက်မပြတ် စောင့်ကြည့်ပြီး တတ်အားသ၍ ကူညီစောင့်ရှောက်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဦးစီးဌာန အကြီးအမှူးများက ဦးစီးပြီး ပေါင်းစပ်ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များ ရှိပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပေးအပ်ရာ သက်ဆိုင်ရာဌာန အသီးသီးမှ လက်ခံရယူကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ထောက်ပံ့ပစ္စည်း ပေးအပ်ရာ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ခံရယူကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး