တောင်ကြီး ဒီဇင်ဘာ-၄
၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်နှင့် ပြည်သူများလွတ်လပ်စွာ မဲပေးခွင့်ရရှိရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၃) ရက် မွန်းလွဲ(၂) နာရီခွဲက တောင်ကြီးမြို့၊ ခရိုင်၊ မြို့နယ်စုပေါင်းရုံးတွင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များမှ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရန်နှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန် တိုက်ဆိုင်စစ်ဆေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်တွင် မြေပြင်ကွင်းဆင်း၍ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ဒီဇင်ဘာ(၃)ရက် နံနက်ပိုင်းက ရှမ်းပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိ ဘုရားဖြူရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်နှင့် ညောင်ဖြူစခန်းရပ်ကွက်တို့၌ တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း စုရပ်နေရာတွင် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ မဲစာရင်းမှန်ကန်စေရေးအတွက် မဲစာရင်းများတိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုနှင့် ကန်သာရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်မှုကို တောင်ကြီးမြို့ပေါ်တွင် စာရင်းရှိ(၇၅)အုပ်စုတို့တွင် တာဝန်ရှိသူအဆင့်ဆင့်တို့က မဲစာရင်းမှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထိုနည်းတူ ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်မှုကို တာဝန်ရှိသူအဆင့်ဆင့်တို့က စနစ်တကျ တိုက်ဆိုင်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး