မောက်မယ် နိုဝင်ဘာလ ၄
၁၃၈၇ ခုနှစ် (၇၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ၊ ဈေးတန်းရပ်ကွက်ရှိ ကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ နိုဝင်ဘာလ၄ရက် နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နမောတဿ ၃ ကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး ဘုရား၊တရား၊ သံဃာတော် အရှင်သူမြတ်တို့အား ရှိခိုးပူဇော်ကန်တော့၍ ငါးပါးသီလဆောက်တည်ခံယူခဲ့ကြပြီးလျှင် ကထိန်ညှပ်သင်္ကန်း ကပ်လှူ ပူဇော်ရာ သံဃာတော်အရှင်သူမြတ်များက ကထိန်အမေးအဖြေပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွှဲပိုင်းအချိန်၌ လှူဒါန်းမှုအစုစုနှင့်ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးလှမျိုးက လျှောက်ထားပန်ကြားပြီး ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားနာယူပြီး ကထိန်သင်္ကန်းနှင့် ပဒေသာပင်များကို မဲနှိုက် ကပ်လှူပူဇော်ခဲ့ပြီးလျှင် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေရာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် အခမ်းအနား အောင်မြင်စွာကျင်းပခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး