
မောက်မယ် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ(၃၀)ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်း(မောက်မယ်)၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မောက်မယ်မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်က အဖွင့် အမှာစကားပြောကြားပြီး မြို့မစခန်းမှူး ဒုရဲမှူးမြင့်မောင်က ကျောင်းသား/ကျောင်းသူ လူငယ်၊လူရွယ် လေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာQuick Win အစီအမံငါးရပ်တွင်ပါဝင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် သိရှိလိုက်နာရမည့်အချက်များ၊ ဂရုပြုရမည့် လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းနေစဉ် အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ နှစ်ဦးထက်ပိုမိုတင်ဆောင်ခြင်း မပြုရေးနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆောင်ရန်ရှောင်ရန်အချက် များဖြစ်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားခြင်းရှိ/မရှိ၊ မေးသိုင်းကြိုးများတပ်ဆင်ခြင်း ရှိ/မရှိ၊ လမ်း၏ယာဘက်တွင်ကပ်၍မောင်းနှင် ကြရန်၊ မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်ဆင်အသုံးပြုခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိ၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးကို ထိခိုက်စေပြီးဆိုးကျိုးနှင့် အသက်အန္တရာယ် များစွာဖြစ်ပေါ်လာနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး ရဲအုပ်တင်စိုးက မှုခင်းကျဆင်းရေးအသိပညာ ပေးအကြောင်း စသည်တို့ကိုရှင်းလင်းဟောပြောကြား၍ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည့်အချက်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး