
မောက်မယ် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV နှင့်ဆုံဆို့မေးခိုင်ကာကွယ်ဆေး DT အပိုဆောင်းထိုးနှံခြင်းကို စက်တင်ဘာ ၂၇ရက် နံနက်၉ နာရီ ကစတင်ပြီး အခြေခံပညာကျောင်းများတို့တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်း၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ကျသားဖွားဆရာမများ၊ သူနာပြုဆရာမများ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်အတန်းပိုင်ဆရာမ များက အမည်စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးကြပြီး အသက် ၅ နှစ်KGကျောင်းသားကျောင်းသူများအား DTဆုံဆို့မေးခိုင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ ပေးခြင်း၊ အသက်၉နှစ်မှ၁၀နှစ်အတွင်းကျောင်းသူများကို HPV သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးများကို တစ်ပြိုင်တည်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မောက်မယ်မြို့နယ်အတွင်းရပ်ကွက်များရှိ အခြေခံပညာကျောင်းများ(၇)ကျောင်းတွင် HPV သား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား ကျောင်းသူ(၅၅)ဦး၊ DTဆုံဆို့မေးခိုင်ကာကွယ်ဆေးအား ကျောင်းသား/ကျောင်းသူ(၁၀၈)ဦးထိုးနှံပေးခဲ့ပြီး ကျန်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး