ဖယ်ခုံ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောခရိုင်၊ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ပြန်လည် ဖွင့်လှစ်သည့် အခမ်းအနားအား ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ တွင် ကျင်းပပြုလုပ်ရာ နယ်မြေခံတပ်မတော် မှ တာဝန်ရှိသူများ ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ ဒေသခံရပ်မိရပ်ဖများ တတ်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားတွင် မြန်မာ့စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်း က ဖယ်ခုံမြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၃-ခုနှစ် နိုဝင်ဘာ လ ၂ဝ ရက်နေ့မှစတင်၍ ဘဏ်ခွဲကိုယာယီပိတ်သိမ်းခဲ့ရကြောင်း ယခုအခါ ဖယ်ခုံမြို့ကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီး ဒေသတွင်းတည်ငြိမ်လာပြီဖြစ်သည့် အတွက် ယနေ့မှစ၍ ဘဏ်ခွဲကိုပြန်လည်ဖွင့်လှစ်ပြီး ဒေသတွင်းတာဝန်ထမ်းဆောင်လျက်ရှိကြသော တပ်မတော် တပ်ရင်း/တပ်ဖွဲ့ နှင့် နိုင်ငံဝန်ထမ်းများ၏ လစာနှင့်အသုံးစရိတ်များထုတ်ယူခြင်း ၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များ၏ပင်စင်လစာငွေများထုတ်ယူခြင်း၊နိုင်ငံတစ်ဝှမ်းဒေသအသီးသီးသို့ငွေလွှဲပေးပို့ခြင်း ၊ ဒေသအသီးသီးမှ လွှဲပို့ငွေများအားထုတ်ပေးခြင်း ၊ ငွေစုဆောင်းအပ်နှံခြင်းနှင့် စုဆောင်းအပ်နှံငွေများအား ပြန်လည် ထုတ်ယူခြင်း အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်ဆောင်ရွက်ပေးပြီဖြစ်ပါကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ မြန်မာ့စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်း နှင့် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးမြင့် နှင့်အဖွဲ့ဝင်များ၊ခရိုင် / မြို့နယ်အဆင့်တာဝန်ရှိသူများ၊မြို့မိ/မြို့ဖ တို့မှ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား အမွှေးနံ့သာရည်များပက်ဖြန်း ၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
၎င်းနောက်တာဝန်ရှိသူများက ဘဏ်ခွဲအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးနေသည့် အခြေအနေနှင့် သက်ကြီးရွယ်အို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အားပေးစကား ပြောကြားခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း ၊ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူလူထု နှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ၊ ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဝမ်းသာပီတိ ဖြစ်နေကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
