
တောင်ကြီး ဇွန်-၂၁
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅)ကို ဇွန်(၂၁)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လယ်ယာမြေအခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် ကိစ္စများတွင် မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်၍မရသည့်မြေများအပေါ် အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်သွားရန်လိုအပ်ပြီး မြေလွတ်၊ မြေရိုင်းများကိုလည်း အမှန်တကယ်အကောင်အထည်ဖော်လိုသည့် လုပ်ငန်းအပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသောမြေနှင့် လွတ်ကင်းသောဧရိယာများကိုသာ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အခြားနည်းအသုံးပြုရန်ခွင့်ပြုထားသည့် လယ်ယာမြေနှင့်မြေလွတ်၊မြေရိုင်းများကို သတ်မှတ်ကာလအတွင်း မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား စဥ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး စာရင်းပြုစုတင်ပြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ပြည်နယ်ဦးစီးမှူးက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅)ဆုံးဖြတ်ချက်များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဥ်(၁/၂၀၂၅)ဆုံးဖြတ်ချက်များအား ဖက်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန်အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး