တောင်ကြီး ဒီဇင်ဘာ-၁၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကကြီးမှူး၍ ရှမ်းပြည်နယ်အတွင်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဒီဇင်ဘာ (၁၅)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ခန်းမ၌ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်၊ စားသောက်ကုန်များတွင်ပါဝင်သည့် ဓာတုဓာတ်ကြွင်းလျော့ပါးစေရေး အသိပညာပေးဆွေးနွေးပွဲကျင်းပသည်။
ဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့ အသိပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၏ ပို့ကုန်များပိုမိုတိုးတက် ပို့နိုင်စေရန်အတွက် စိုက်ပျိုးရေးကဏ္ဍမှ ပို့ကုန်များ၊ စားသောက်ကုန်ကဏ္ဍမှ ပို့ကုန်များကို ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန်နှင့် စျေးကွက်ရရှိပြီးနိုင်ငံများမှ သတ်မှတ်ထားသည့် ပြဌာန်းချက်များ၊ သီးနှံများတွင် ဓာတုဓာတ်ကြွင်း ပါဝင်မှုစံနှုန်းများအတိုင်း တင်ပို့နိုင်ရန်အတွက် ရည်ရွယ်ပြီး အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍမှ ပြောင်း၊ သစ်သီးဝလံနှင့် စားဖိုဆောင်သီးနှံများ၊ ကော်ဖီ၊ လက်ဖက်တို့ကို အဓိကပို့ကုန်အနေဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း၊ ဟဲဟိုးမြို့ရှိMyanmar Bell Co.,Ltd.မှ ဂေါ်ဖီထုပ်နှင့် အခြားဟင်းရွက်များကိုအခြောက်ခံပြီး ဂျပန်နိုင်ငံသို့ တင်ပို့ခြင်းနှင့် ရှမ်းပြည်နယ်၏ ပို့ကုန်အမယ်စုံလင်စွာတင်ပို့မှုအနေဖြင့် တိုင်းရင်းဆေး ကုန်ကြမ်းထုတ်လုပ်ရန်နှင့် ဟင်းခတ်အမွှေးအကြိုင်များတွင် အသုံးပြုရန် ကုန်ကြမ်းများ ကိုလည်း ဂျပန်နိုင်ငံသို့တင်ပို့လျက်ရှိသည်ကို သိရပါကြောင်း၊ အဓိကထွက်ရှိသည့်စို က်ပျိုးရေးထွက်ကုန်များအနက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး နောက်ထပ်စျေးကွက်တစ်ခု ရရှိရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခွင့်သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ကုန်အမယ်စုံလင်စွာ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများ၏ အချိန်နှင့်အမျှပြောင်းလဲနေသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဓာတုဓာတ်ကြွင်းနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များ၊ စျေးကွက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် ကုန်သွယ်မှုကဏ္ဍတွင် နိုင်ငံတော်မှချမှတ်ထားသည့် ကုန်သွယ်မှုဝါဒများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းစဥ်များ၊ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းစဥ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာ(FDA)တို့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များကို ယနေ့အခမ်းအနား တက်ရောက်လာကြသူများ အသိပညာများရရှိမည်ဖြစ်ပြီး ယခုတက်ရောက်လာသူများက မိမိနှင့်နီးစပ်သည့် တောင်သူများလုပ်ငန်းရှင်များထံသို့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် အသိပညာများပိုမိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့က အမှာစကားပြောကြားကြသည်။
၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးသက်ဝေနိုင်(လက်ထောက်ညွှန်ကြားရေးမှူး)က စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းလျော့ပါးစေရေး ဆောင်ရွက်ထားရှိမှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးရွှေဖြူ(ဒုတိယညွှန်ကြားရေးမှူး)က ထုတ်ကုန်များတွင်ပါဝင်ရမည့် အကြောင်းအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒေါက်တာစိမ့်သန္တာထွန်း(ညွှန်ကြားရေးမှူး)က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ဒေသဆိုင်ရာအညွှန်းအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာဖြိုးမာန်သက်ဦး (လက်ထောက် ညွှန်ကြားရေးမှူး) က အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ အခြေပြုစစ်ဆေးခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားကြကြောင်းသိရသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသူများက သိရှိလိုသည်မေးခွန်းများမေးမြန်းကြပြီး အထွေထွေဆွေးနွေး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
