တောင်ကြီး ဒီဇင်ဘာ-၁၃
လွတ်လပ်ပြီးတရားမျှတသည့်ရွေး ကောက်ပွဲဖြစ်စေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိစေရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၁၃)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံအတွက် အရေးကြီးသည့် မဖြစ်မနေဆောင်ရွက်ရမည့် ရွေးကောက်ပွဲတွင် လိုအပ်ချက်များရှိပါက ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့နှင့် တာဝန်ရှိ ဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးရမည့် အသက်(၁၈)နှစ်ပြည့်ပြီးနို င်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို အမြန်ဆုံး ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းကို မဲပေးပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဒုတိယအကြိမ် မဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြေပြင်ကွင်းဆင်းဆောင်ရွက်မှုကြောင့် ယခင်ကြေငြာထားသည့် မဲစာရင်းထက်ကို တိုးလာပါကြောင်း၊ အရေးကြီးသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကိုလည်း ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရပ်ကွက်ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကဒ်ဆောင်ရွက်ရန် ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က ကွင်းဆင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ တတိယအကြိမ်မဲစာရင်းကပ်ရာတွင် မှားယွင်းမှုမရှိအောင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂရုစိုက် လေ့လာစိစစ်ဆောင်ရွက်ပေးကြရန်၊ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြပြီး ဆောင်ရွက်ရန် ကျန်ရှိသည်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးကြရန်၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် ပထမဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မဲပေးစက်များ မဲရုံများသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့ရေး၊ မဲစာရင်းမှန်ကန်ရေးအတွက် တစ်အိမ်တက်ဆင်း ဆောင်ရွက်မှုများနှင့် စပ်လျဥ်း၍ လည်းကောင်းဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသော ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ Online စနစ်ဖြင့် တက်ရောက်ကြသော ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ မဲပေးရမည့်စနစ်၊ မဲရုံအတွင်း မဲပေးရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်သိရှိရန်လိုအပ်ပါကြောင်း၊ ပြည်သူအသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ၊ Online မီဒီယာများသည် ပိုမိုထိရောက်မှုရှိသဖြင့် အသိပညာပေးရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ ဌာနများအနေဖြင့် အလေးထားဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ပြဌာန်းထားပြီးဖြစ်၍ ယင်းဥပဒေမှ ပြစ်မှု ပြစ်ဒဏ် များကို ပြည်သူများသိရှိနားလည်အောင် အသိပညာပေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့