
ဟိုပုံး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီး များအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ (မွမ်းမံ)သင်တန်းကို ဇူလိုင်လ(၂၂)ရက် နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက အမှာစကားပြောကြား ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ နည်းပညာသင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စား သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်းနှင့် ယခုဖွင့်လှစ်တဲ့ စက်ချုပ် နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ဝင်ငွေတိုးစီမံကိန်း တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး ဒေသခံပြည်သူများ တောင်းဆိုတဲ့ နည်းပညာပေးသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်း ပြီးဆုံးတာနဲ့ သင်တန်းမှ ထူးချွန်သင်တန်းသူ(၅)ဦးကို သတ်မှတ်ချက်များနှင့် အညီရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖို့လိုအပ်တဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ဒါကြောင့် စီမံကိန်းလုပ်ငန်း(၁)ခုလျှင် လုပ်ငန်းရှင်(၅)ဦးနှုန်းနဲ့ စီမံကိန်းလုပ်ငန်း(၆)ခုမှာ လုပ်ငန်းရှင်(၃၀)ဦးပေါ် ထွက်လာမှာဖြစ်ပါကြောင်း၊ ပထမအကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်နည်းပညာ သင်တန်းမှာ အမျိုးသမီးဝတ် ဘလောက်အင်္ကျီ၊ ရင်စေ့၊ ရင်ဖုံး၊ နောက်ကွဲ၊ ကလေးဝတ်ဂါဝန်၊ ကလေး သင်္ဘောသားအင်္ကျီ၊ ဟာဝေယံရှပ်အင်္ကျီ၊ လုံချည်၊ သုံးလွှာစကပ်၊ ချိတ်စကပ်၊ ကလေးဝတ် ဘောင်းဘီစတဲ့ ဘာသာရပ်ပေါင်း(၁၁)မျိုးကို သင်ကြားပို့ချပေးခဲ့ပြီး ယနေ့ဖွင့်လှစ်တဲ့ မွမ်းမံသင် တန်းမှာတော့ ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူ များအနေနဲ့ မိမိတို့ ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းငယ်များ ပေါ်ထွက်လာပြီး ထိုလုပ်ငန်းများမှသည် အလတ်စား၊ အကြီးစားစက်မှုလုပ်ငန်း များအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါ၊ သို့မှသာ တိုင်းပြည်ဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်တို့က သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ(၂၂)ရက်နေ့မှ ဩဂုဏ်လ(၅)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး