
ဟိုပုံး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာကိုကြိုးစားကြသလို ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝစေရန် ရည်ရွယ် ၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ(၁၇) မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းမှ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အာဇာနည်နေ့နှင့် ပတ်သက် သည့်အကြောင်းအရာများနှင့် ပန်းချီပြိုင်ပွဲတွင် “ ၁၉ ဇူလိုင် မမေ့နိုင် ” ခေါင်းစဉ်များဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ယှဉ်ပြိုင်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲယှဉ်ပြိုင်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်ကလည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းကလည်း ကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးအသိပညာပေးနှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြပြီး အရုပ်ပစ်အားကစားနည်းများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး