
ဟိုပုံး ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ(၁၆)ရက် နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်း၌ ကျင်းပ သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီး ကျောင်း ဆရာတော်ထံမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး နှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာန ဆိုင်ရာများက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာန ဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး