ဟိုပုံး ဇွန်-၁၆
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲကို ဇွန်(၁၆)ရက်နံနက်(၉)နာရီက ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ငလျင်ဘေးနှင့်ပတ်သက်၍ အင်းလေးဒေသတွင် ထိခိုက်ဆုံးရှုံးမှုများခဲ့ပါကြောင်း၊ နိုင်ငံတော်က ငလျင်ဘေးသင့်ပြညိသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိများကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သဘာဝငလျင်ဘေးသည် လွန်ဆန်၍မရနိုင်ပါကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများကလည်း နိုင်ငံတော်မှထောက်ပံ့ပေးသည့် ပစ္စည်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုပုံးဒေသတွင် တန်ခိုးကြီးဘုရားများလည်း ထိခိုက်မှုများရှိပြီး နိုင်ငံတော်မှထောက်ပံ့မှုများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် အနည်းဆုံးဖြစ်ပွားမှုရှိအောင် ပညာပေးဆောင်ရွက်သည့် လုပ်ငန်းများကို ဌာနဆိုင်များအနေဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရောက်ရှိခိုက် အခက်အခဲများရှိပါက တင်ပြပေးကြရန်ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်ကထောက်ပံ့ပေးအပ်သော ငွေကျပ်သိန်း(၁၀၀၀) ဘိလပ်မြေအိတ်(၁၀၀၀)ကို ငလျင်ဘေးသင့်ပြည်သူများအားပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ လက်ခံရယူကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးရာ နိုင်ငံတော်က ပျက်စီးသွားသည့်အိမ်များကို အဆင့်ဆင့်လိုက် ခွဲခြားထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တစ်စိတ်တစ်ပိုင်း နေအိမ်များကိုလည်း နိုင်ငံတော်ကမကြာမီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ မဖြစ်မနေဖွင့်လှစ်ရမည်ဖြစ်ပြီး စာသင်ကျောင်းအတွင်း ကျောင်းနေအရွယ်ကလေးများ စာသင်ခန်းထဲရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်များဖြစ်သည့်အတွက် ကျောင်းများကိုဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပေးရမည်ဖြစ်ပြီး ဟိုပုံးရေထွက်ကိုလည်း စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်ပေးရမည့်ဖစ်ကြောင်း၊ တက်ရောက်လာသည့်ဌာနဆိုင်ရာ၊ ပြည်သူများမှ အခက်အခဲရှိပါက တင်ပြပေးကြရန်နှင့် ချက်ချင်းဖြေရှင်းလိုရသည့်ကိစ္စရပ်များကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကိုတင်ပြရမည့် ကိစ္စရပ်များဖြစ်ပါက တင်ပြပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းနောက်ဆီဆိုင်မြို့နယ် ဒေသခံပြည်သူတစ်ဦးမှ ဒေသတွင်လိုအပ်ချက်ရှိသော အခက်အခဲများကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဦးစားပေးလုပ်ငန်းများတွင် စာသင်ကျောင်းများကို နိုင်ငံတော်ကခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးအတွက် စာသင်ကျောင်းများပါရှိပြီးဖြစ်၍ ပြန်လည်စိစစ်တင်ပြရန်လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများမှ တင်ပြမှသာသိရှိရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း အခက်အခဲရှိပါက တင်ပြပေးကြရန်၊ လိုအပ်သည်များကိုသိရှိမှသာ ဆောင်ရွက်ပေးလို့ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့်ပြည်နယ်ကိုယ်စား ဌာနဆိုင်ရာများက ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ညောင်မွန်းကျေးရွာ၊ တောက်သူဦးစိုင်း စိုက်ပျိုးထားသည့် ထောပတ်၊ မျိုးကွဲအမရာHass စိုက်ဧက(၅၀) အပင်ရေ(၆၇၀၀)ပင်၊ အပင်သက်တမ်း(၆)နှစ်ရှိခြံအား သွားရောက်ကြည့်ရှုရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ထောပတ်စိုက်တောင်သူများမှ အခက်အခဲလိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထောပတ်စိုက်တောင်သူများအား သဘာဝမြေသြဇာများထောက်ပံ့ပေးအပ်ပြီး ထောပတ်ခြံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုံဟေးကျေးရွာ တောင်သူဦးဇော်ကြီး စိုက်ပျိုးထားသည့် ကော်ဖီ၊ မျိုးကွဲCatmior(ကတ်တီမိုး) စိုက်ဧက(၀.၈၇) အပင်ရေ(၁၅၈၀) အပင်သက်တမ်း(၁၁)နှစ်ရှိ ကော်ဖီခြံသို့သွားရောက်ကြည့်ရှုရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ရှင်းလင်းပြီး ကော်ဖီစိုက်တောင်သူများမှ လိုအပ်ချက်အခက်အခဲများကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ကော်ဖီစိုက်တောင်သူများအား သဘာဝမြေသြဇာနှင့် ကော်ဖီပျိုးပင်များပေးအပ်ခဲ့ပြီး ကော်ဖီခြံအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး