ဟိုပုံး မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ယာယီတိုက်ပွဲရှောင်ပြည်သူများကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ စားသောက် ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို မတ်လ(၆)ရက် နံနက် ၁၀ နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန် တွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ တာဝန်ရှိသူက ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ တာဝန်ရှိသူများက ပေါင်လင်းကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ လုံခုတ်ကျေးရွာအုပ်စု၊ လွယ်အွန့်ကျေးရွာအုပ်စု၊ လုံဟေးကျေးရွာအုပ်စု၊ အရှေ့ရပ်ကွက်၊ တောင်ရပ်ကွက်၊ တုံခမ်းရပ်ကွက်၊ အနောက်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ မြို့ဦးကွက်သစ်ရပ်ကွက်တို့မှ ကယားပြည်နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင်(၂)လစာအတွက် ဆန်(၁၃)ပြည်နှင့် (၄)ဗူး၊ ပဲ(၁၄)ဗူး၊ ဆီ(၂)လီတာ၊ ဆား(၁)ထုပ်၊ အာဟာရမုန့်လူကြီး(၈)ထုပ်၊ အာဟာရမုန့်ကလေး (၈)ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါထောက်ပံ့ပေးအပ်ရာ၌ ကယားပြည်နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၆၈)စု၊ လူဦးရေ (၁၂၅၄) ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး