ဟိုပုံး ဒီဇင်ဘာ ၁၃
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင် သည့် အားကစားလှုပ်ရှားမှုများပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒီဇင်ဘာလ (ဒုတိယပတ်) လူထုစုပေါင်းလမ်း လျှောက်ပွဲကို ဒီဇင်ဘာလ(၁၃)ရက် နံနက် ၅ နာရီခွဲက သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီး ရှေ့မှစတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါး စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness dance အကများဖြင့် ပါဝင်ဆင်နွှဲခဲ့ ကြကြောင်းသိရသည်။
ဆက်လက်၍ ဟိုပုံးမြိုနယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင်များကို နံနက်(၉)နာရီက ဟိုပုံး-ဆီဆိုင်သွား ဗိုလ်ချုပ် အောင်ဆန်းလမ်း တွင် ဖြန့်ဝေလျက်ရှိသည်။
ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ ခရီးသွားပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့် အကြောင်းအရာတို ပါဝင်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
