ဟိုပုံး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပ ပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ(၁၃)ရက်နေ့ ည(၈)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာ လှည့်လည်ခြင်းနှင့် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်သည်။ အဆိုပါပွဲတော်တွင် ညမီးကြီး မီးပုံးပျံပြိုင်ပွဲများ လွှတ်တင်ပူဇော်ပြီး ရိုးရာခြင်းအလှခတ်ပြိုင်ပွဲများဖြင့် ရပ်နီး/ရပ်ဝေးဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာလာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး နိုဝင်ဘာလ (၁၀)ရက်နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဟိုပုံးမြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ က “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဖတ်ကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များက
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး