ဟိုပုံး အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ရက် မွန်းလွှဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အဓိကရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း(၆၁)နှစ်မြောက်အတွင်း အတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအခြေအနေ၊ နိုင်ငံတကာရဲ့ တိုးတက်ပြောင်းလဲ မှုအခြေအနေတွေနဲ့အညီ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက် သွားကြရန်လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေမှာမြန်မာနိုင်ငံအနေနဲ့ တိုးတက်လာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာလှပရေး အပေါ်မှာလည်း အန္တရာယ်ပြုမည့်စိန်ခေါ်မှုအသစ်နဲ့ ကြုံတွေ့နေရတာကို တွေ့ရမှာဖြစ်ကြောင်း၊ ဒါတွေကတော့ အကြမ်းဖက်အဖွဲ့အစည်းအချို့ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ နယ်စပ်ဖြတ် ကျော်မှုခင်းများ Cyber Crime များနဲ့ အဆင့်မြင့် ပြစ်မှုကျူးလွန်မှုများစသည့်တို့ပဲဖြစ်ပါကြောင်း၊ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင် ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည် ပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံထူးချွန် ထက်မြက်စွာ ထမ်းဆောင်သွားဖို့လိုအပ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သန်းဌေးအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှုနှင့် မှုခင်းဖော်ထုတ်ဖမ်းဆီးမှု စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော မြို့နယ်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင် တို့က မှုခင်းစွဲတင်ရာနှုန်းအများဆုံးရရှိသော မြို့နယ်များအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပေးပို့လာသည့် ရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ် Video Clip အားကြည့်ရှုခဲ့ကြပြီးနောက် (၆၁)နှစ်မြောက် ပြည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ခင်းကျင်းပြသထားသည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်မှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း‌ ဆောင်ရွက်နေမှုနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့