ပင်လောင်း ဩဂုတ် ၂၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ များအား ထောက်ပံ့ငွေပေးအပ်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ဩဂုတ် ၂၃ရက် နံနက်ပိုင်းက ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမနှင့် ပေါင်းလောင်းမြို့အထွေ‌ထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား သွားရောက်အားပေးစကားပြောကြားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယာယီ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌသည် ပေါင်းလောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဝင်းလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုပျက်စီးသွားသည့်နေရာများနှင့် ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုခဲ့ပြီး၊ လုပ်ငန်းများပြုပြင်ဆောင်ရွက်ရာတွင် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၃ နာရီအချိန်က ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌသည် ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု ရေးအေးရွာသို့ သွားရောက်ခဲ့ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းသွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီအချိန်က ပင်လောင်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိသည်။
အခမ်းအနားတွင် GEC (ပညာရေး) သမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌ၊ သဘာပတိ မြို့နယ်ပညာရေးမှူး ဦးတင်ငွေ က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့် နှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဌ ဦးစိုင်းနော်ခမ်း တို့က သမဝါယမဆိုင်ရာလုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ အသင်းလီမိတက် အတွင်းရေးမှူး ဒေါ်နော်ခင်ခင်နိုင် က အသင်း၏ ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးဉာဏ်လှိုင်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှု စာရင်းကိုလည်းကောင်း၊ အသင်းသားစာရင်းစစ်ခေါင်းဆောင် ဦးအောင်စိုးက အသင်းသား စာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ဖြေဆိုအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ မိသားစုဝင် သား၊သမီးများအား GEC (ပညာရေး) သမဝါယမအသင်းလီမီတက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး