
ဟိုပုံး ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U 13 / U17 အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၃ရက် နံနက် ၉နာရီခွဲက မြို့မအားကစား၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က ဘောလုံး ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းစည်းလုံး ညီညွတ်မှုပိုမိုခိုင်မာလာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ U17 အမျိုးသား ဘောလုံးပြိုင်ပွဲကိုကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးဝါသနာရှင်များက အ.ထ.က(၁) ကျောင်း နယ်မြေ အမျိုးသားဘောလုံးအသင်းနှင့် အ.ထ.က ဖာလိုင်(မိုင်းပျဉ်း) အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး အ.ထ.က(၁) ကျောင်းနယ်မြေ အမျိုးသားဘောလုံးအသင်းက အ.ထ.က ဖာလိုင်(မိုင်းပျဉ်း) အမျိုးသားဘောလုံးအသင်းကို (၇)ဂိုး၊ (၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ U13 အမျိုးသားဘောလုံးပြိုင်ပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ အသင်းပေါင်း(၈)သင်းဝင်ရောက်ယှဉ်ပြိုင်ကြရာ U17 အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့မအားကစားကွင်း၌ အခြေခံပညာကျောင်းများမှ အသင်းပေါင်း (၈)သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၂၃) ရက်နေ့မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး