
ဟိုပုံး ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၇)နှစ်အောက် T-20 ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်က မြို့မ အားကစားကွင်းတွင် ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ခရစ်ကက်ဝါသနာရှင်များက ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က(၁) အမျိုးသမီးအသင်းနှင့် အ.ထ.က(ခွဲ) ဒုံမေးခိုး အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က(၁) အမျိုးသမီးအသင်းနှင့် အ.ထ.က(ခွဲ) ဒုံမေးခိုးအသင်းယှဉ်ပြိုင်ကြရာ အ.ထ.က(ခွဲ) ဒုံမေးခိုး အမျိုးသမီးအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ် နည်းပြ ဦးစိုင်းထက်ဝေက မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ ဖွင့်လှစ် သည့် Level(1) Coaching သင်တန်းတက်ရောက်သည့် ဆရာ/ဆရာမ သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်များကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က တတိယဆုရရှိသည့် အထက(ခွဲ) ပေါင်လင်းအမျိုးသမီးအား ငွေသားစုကျပ် (၅)သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ဒုတိယဆုရရှိသည့် အထက (၁)အမျိုးသမီးအသင်းအား ငွေသားဆုကျပ်(၇)သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ပထမဆုရရှိသည့် အထက(ခွဲ) ဒုံမေးခိုး အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၁)သိန်းနှင့် တံခွန်စိုက်ဖလား ကိုလည်း ကောင်း၊ ပေါင်လင်းအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့လွင်က တတိယဆုရရှိသည့် အထက(စမ်းစုတ်) အမျိုးသားအသင်းအား ငွေသားဆုကျပ်(၅) သောင်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ဒုတိယဆုရရှိသည့် အထက(နမ့်ခုတ်)အမျိုးသားအသင်းအား ငွေသားဆုကျပ်(၇) သောင်းနှင့် ဆုဖလား ကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပထမဆုရရှိသည့် အထက(ခွဲ)ပေါင်လင်း အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်(၁)သိန်းနှင့် တံခွန်စိုက်ဖလားကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ခရစ်ကက်ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အသင်းပေါင်း(၁၀)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ (၁၂)ရက်နေ့မှ ဩဂုတ်လ(၁၇)ရက်နေ့ အထိကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး