ဟိုပုံး ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံ နှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ အထူးကုကွင်းဆင်းဆေးကုသခြင်းကို ဩဂုတ်လ(၉)ရက် နံနက် ၁၀ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပြည်နယ် ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းနိုင်၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မြင့်၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်၊ အမျိုးသမီးနှင့် ကလေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့သည် အထွေထွေ ရောဂါအထူးကု၊ သွားနှင့် ခံတွင်းအထူးကု၊ သွားဖွားမီးယပ်အထူးကုတို့မှ စံဖူးကျေးရွာအုပ်စု ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် စံဖူးကျေးရွာဘုန်းတော် ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူး မြော်ကြည်ညို၍ အလှူငွေနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၄၅)ဦးတို့မှ အထူးကုကွင်းဆင်း ဆေးကုသမှုအနေဖြင့် အထွေထွေရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွားဖွားမီးယပ် ဒေသခံပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၈၈) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး