ပင်လောင်း ဩဂုတ် ၆
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ပျက်စီးသွားသည့် ထီပေါင်းကျေးရွာအုပ်စု ထီဝါးလီကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ယာယီစာသင်ကျောင်းဆောက်လုပ်နိုင်ရေးနှင့် လွယ်မောင်း(အောက်ရွာ)ရွာလယ်လမ်း ပြုပြင် နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့် ဘိလပ်မြေများကို ဩဂုတ်လ(၆)ရက် နံနက်ပိုင်းက သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် ထီဝါးလီ ကျေးရွာ ထီဝါးလီအခြေခံပညာမူလတန်းကျောင်း ယာယီစာသင်ကျောင်းဆောက်လုပ်နိုင်ရေးအတွက် ကျေးရွာမှတာဝန်ရှိသူများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ယာယီကျောင်းဆောင်‌ ဆောက်လုပ်မည့်မြေနေရာနှင့် ရွာလမ်းဖောက်လုပ်မည့် နေရာများကို ရွေးချယ်ဆွေးနွေးခဲ့ကြပြီး၊ ယာယီစာသင်ကျောင်းဆောင် ဆောက်လုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၄၅) သိန်းနှင့် ဘိလပ်မြေ (၆၀) အိတ်ကိုလည်းကောင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရန်ပုံငွေမှ ဘိလပ်မြေ(၅၀)အိတ်ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာန (VDB) ရန်ပုံငွေ မှ ငွေကျပ်သိန်း(၁၅၀)ကိုလည်းကောင်း၊ ပင်လောင်းမြို့နယ် စန္ဒာခမ်းလူမှုရေးကူညီရေးအဖွဲ့မှ ငွေကျပ်သိန်း(၂၀)ကို လည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ကျောင်းကော်မတီများက လက်ခံရယူ ခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွှဲ(၁)နာရီခွဲအချိန်က ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဒေသအဆင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့် မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ မြေပြိုမှုကြောင့် ပျက်စီးသွားသည့် လွယ်မောင်း(အောက်ရွာ) ရွာလယ် လမ်းအား ကွန်ကရစ်လမ်းပြုပြင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ်(၄၅) သိန်း နှင့် ဘိလပ်မြေ (၁၀၀) အိတ်ကို လည်းကောင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘိလပ်မြေ(၅၀)အိတ် ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာန (VDB) ရန်ပုံငွေမှ ငွေကျပ်သိန်း (၁၅၀)ကို လည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ကျေးရွာလမ်းကော်မတီများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး