ဟိုပုံး ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ် ဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးအတွက် ဝါးအခြေခံလက်မှုထည် နည်းပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၂၅)ရက် ညနေ(၃)နာရီခွဲက လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများသည် လုံးဟေးကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရေးအတွက် နည်းပညာ သင်ကြားပေးခြင်း၊ လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ဖွံ့ဖြိုးရေး သုံးစက်ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းနှင့် မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးငွေနှင့် ဈေးကွက်ရှာ ဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာ သင်တန်းကိုတော့ မြန်မာ့ရိုးရာလက်မှုပညာရပ်များ မတိမ်ကောမပပျောက်စေရေး၊ ဝါးလက်မှုထည် ထုတ်ကုန် အမယ်သစ်များ ပေါ်ထွန်းလာစေရေး၊ အသေးစားဝါး လက်မှုလုပ်ငန်းများ ပေါ်ထွက်လာ စေရေးအတွက် သင်ကြားပေးတာဖြစ်ပါကြောင်း၊ ဒီသင်တန်းမှာ အခြေခံဝါးလက်မှုထည် ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ရက်ပေါင်း(၂၀)နဲ့ မွမ်းမံသင်တန်း (၁၀)ရက် သင်ကြားပို့ချ သွားမှာြဖစ်ပါ ကြောင်း၊ သင်တန်းမှာ သင်ကြားပို့ချပေးမယ့် ဘာသာရပ်တွေကတော့ ဝါးကုန်ကြမ်းရွေးချယ်ခြင်း၊ ဝါးတာရှည်ခံနည်းလမ်းများ၊ အနုစိတ်နှီးဖြာခြင်း၊ အချောသတ်ခြင်း၊ နှီးဗန်းများအား ဆေးရောင်ဆိုးခြင်း၊ ပရိဘောဂများပြုလုပ်ခြင်း (ဝါးကုတင်၊ ဝါးထိုင်ခုံ၊ ဝါးပန်းကန်စင်၊ ဝါးဘီရို)၊ Tissue Box ပြုလုပ်ခြင်း၊ နာရီပြုလုပ်ခြင်း၊ လင်ဗန်းပြုလုပ်ခြင်း၊ မီးအိမ်ပြုလုပ်ခြင်း၊ သစ်သီးခြင်း ပြုလုပ်ခြင်းတွေကို သင်ကြား ပေးမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေနဲ့ သင်တန်းကာလတစ်ခုလုံးအတွင်းမှာ သင်ကြား ပေးလိုက်တဲ့ ဘာသာရပ်များအပြင် ဆန်းသစ်တီထွင်ခြင်း၊ လေ့လာစူးစမ်းခြင်း၊ သုတေသန ပြုလုပ်ခြင်းများကိုပါ တစ်ပါတည်းပြုလုပ်သွားကြရန်၊ သင်ကြားပေးတဲ့ အခြေခံကောင်းများ ပေါ်မူတည်ပြီး ကိုယ်တိုင်ထိုးထွင်းကြံဆတီထွင်စေလိုကြောင်း၊ သင်တန်းသား/သူ များအနေဖြင့် ဆရာများရဲ့ သင်ကြားပို့ချမှုများကို လက်တွေ့နယ်ပယ်မှာ အမှန်တကယ် အသုံးချ နိုင်သည်အထိ သင်ယူလေ့လာကြရန်၊ တတ်မြောက်သည့် ပညာရပ်နှင့် လုပ်ငန်းထူထောင်ကြရန် ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဝါဝါမြင့်က သင်တန်းနှင့် ပတ်သက်သည်များရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါမြင့်တို့က သင်တန်းနည်း ပညာဆရာအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် သင်တန်းသား/သူများအား သင်တန်းသုံးသင် ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ကြပြီး တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာန ဆိုင်ရာများက သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇူလိုင်လ(၂၅)ရက် နေ့မှ ဩဂုတ်လ(၁၃)ရက် နေ့အထိ၊ ဝါး အခြေခံလက်မှုထည်ထုတ်လုပ်မှုနည်း ပညာ(မွမ်းမံ) သင်တန်းကို ဩဂုတ်လ(၂၁) ရက်နေ့မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ ရက်ပေါင်း(၃၀)ရက်ကြာ သင်တန်းသား/သူ(၁၄)ဦးဖြင့် စာတွေ့/ လက်တွေ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး