နောင်တရား မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက်၌ ပထမအကြိမ်ကျင်းပပြုလုပ်သည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို မတ်လ(၁၅) ရက် မွန်းလွဲ ၁၂နာရီ ခွဲတွင်ကျင်းပသည်။
ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက်၌ ပထမအကြိမ်ကျင်းပသည့် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတွင် ဓမ္မာစရိယတန်း စာဖြေသံဃာ (၇)ပါးတွင် စာအောင်သံဃာ(၄)ပါး၊ ပဉ္စမတန်းစာဖြေသံဃာ (၁၈)ပါးတွင် စာအောင်သံဃာ(၁၆)ပါး၊ စတုတ္ထတန်းစာဖြေသံဃာ (၁၅)ပါးတွင် စာအောင်သံဃာ(၉)ပါး၊ တတိယတန်းစာဖြေသံဃာ(၄၈)ပါးတွင် စာအောင်သံဃာ(၃၄)ပါး၊ ဒုတိယတန်းစာဖြေသံဃာ(၁၀၆)ပါးတွင် စာအောင်သံဃာ(၉၁)ပါး၊ ပထမတန်းစာဖြေသံဃာ (၁၀၄)ပါးတွင် စာစောင်သံဃာ(၇၆)ပါး၊ မူလတန်းစာဖြေသံဃာ (၁၂၃)ပါးတွင် စာအောင်သံဃာ (၁၀၄)ပါး၊ ဥပစာတန်းစာဖြေသံဃာ(၁၆၇)ပါးတွင် စာအောင်သံဃာ(၁၅၁)ပါး၊ စုစုပေါင်း စာဖြေသံဃာ (၅၈၈)ပါးတွင် စာအောင်သံဃာ(၄၈၅)ပါးရှိပြီး အောင်မြင်မှု (၈၂) ရာခိုင်နှုန်း ရှိသည်။
သာသနာ့ဒါယကာ၊ ဒါယိကာမတို့က ဩကာသ ကန်တော့ချိုးဖြင့် ကန်တော့ပြီး ရင်းမှီးကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတောင်များက ပရိတ်တရားတော်များကို ချီးမြှင့်သည်။ တီကျစ်မြို့မကျောင်းတိုက် သာသနာ့ဒါယိကာမ ဓမ္မစကြာအဖွဲ့မှ စာအောင်သံဃာတော်များအား ရှစ်လုံးဖွဲ့ကဗျာများဖြင့် ဂုဏ်ပြုရွတ်ဆိုပူဇော်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီများနှင့် အလှူရှင်များက သံဃာတော်အရှင်မြတ် များကို စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မြို့နယ်ဩဝါဒါစရိယ ရင်းမှီးကျောင်းတိုက် ဆရာတော်ဘုရားကြီးဦးဝါယာမက အနုမောဒနာတရားတော်ဟောကြား ချီးမြှင့်သည်။ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ မဟာထေရ် ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဌ တီကျစ်မြို့မ ဆရာတော်ဘုရားကြီး ဦးဝိလာသ က လှူဒါန်းမှု အစုစုအတွက် ရေစက်ညွှန်းပေးတော်မူခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မြသိန်းတန်ဆရာတော် ဘဒ္ဒန္တမင်္ဂလက စာမေးပွဲတော်၏နိဂုံးချုပ် အောင်ဩဘာ စာတမ်းလွှာ ဖတ်ကြား လျှောက်ထားပြီး သာသနာ့ဒါယကာ၊ ဒါယိကာမတို့က သံဃာတော်အရှင်မြတ်များကို ဩကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု ဂါထာဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး