
တောင်ကြီး ဇူလိုင်-၂
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျောင်းပြင်ပပညာရေးကဏ္ဍလုပ်ငန်းများဖြစ်သည့် စဥ်ဆက်ပညာရေးလုပ်ငန်း အသိပညာပေးခြင်းဆိုင်ရာ ရက်တိုသင်တန်းနှင့် ကျောင်းပြင်ပပညာရေးလုပ်ငန်းများ ဖွင့်ပွဲကိုဇူလိုင်(၂)ရက်နေ့နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ယခင်စဥ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့်စာဖက်ဝိုင်းများမှ စာသင်သားများနှင့်အခြေခံပညာမူလတန်း အဆင့်ပြီးမြောက်ပြီးသူများကို ထပ်မံစာရင်းကောက်ယူပြီး Extensive Study အနေဖြင့် အသိပညာပေးခြင်းဆိုင်ရာ ရက်တိုသင်တန်း (၄၅) ရက် ဆောင်ရွက်မည်ကိုသိရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နည်းပြသင်တန်း(၅)ရက် ဆောင်ရွက်မှာဖြစ်ပြီး သင်တန်းတက်ရောက်ကြမည့် တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ လဲချား၊ နမ့်စန်(တောင်)နှင့် ကွန်ဟိန်းမြို့နယ်များမှ အခြေခံဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းစာရင်းကောက်ယူရရှိထားသည့် စာသင်သား အရေအတွက်မှာ တောင်ကြီးမြို့နယ်တွင် (၁၆၂)ဦး၊ ရပ်စောက်မြို့နယ်တွင် (၂၀)ဦး၊ ဟိုပုံးမြို့နယ်တွင်(၁၁၁)ဦး၊ လဲချားမြို့နယ်တွင်(၁၅)ဦး၊ နမ့်စန်(တောင်)မြို့နယ်တွင်(၃၀)ဦးနှင့် ကွန်ဟိန်းမြို့နယ်တွင် (၁၈)ဦး၊ စုစုပေါ င်း(၃၅၆)ဦးရှိပြီး စာသင်ဝိုင်း(၃၂)ဝိုင်းနှင့် ကြီးကြပ်(၅၇)ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စာသင်ဝိုင်းများကို သတ်မှတ်ရက်များအတွင်း သင်ကြားနိုင်ရေး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်မှ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကလေးများသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ခွင့်ဆုံးရှုံးခဲ့ရသည့်အတွက် ဒုတိယအကြိမ် အခွင့်အရေး(Second Chance)အနေဖြင့် စီစဥ်ဆောင်ရွက်ပေးခြင်းဖြစ်၍ တာဝန်ရှိသူများ၊ အုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများက ပူးပေါင်းပြီး ကလေးများ၏အခွင့်အရေးကို မဆုံးရှုံးရအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစု အဖွဲ့အစည်းများနှင့် ဝေးလံခေါင်ဖျားဒေသများ၌ နေထိုင်သူများအပါအဝင် လူ့အဖွဲ့အစည်းအားလုံးအတွက် ပိုမိုကျယ်ပြန့်သည့် ပညာသင်ယူမှု အခွင့်အလမ်းများပေးခြင်းဖြင့် လူတိုင်းအကျုံးဝင်သည့် ပညာရေးစနစ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း ရှမ်းပြည်နယ်တွင် ကျောင်းပြင်ပ ပညာရေးအနေဖြင့် ၂၀၂၄ – ၂၀၂၅ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်း ကျောင်းသားဦးရေ (၂၁၀)ဦး၊ ကျောင်းပြင်ပအလယ်တန်း ကျောင်းသားဦးရေ(၂၅)ဦး တွေ့ရှိရပါကြောင်း၊၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းကျောင်း သား(၃၂၀)ဦး၊ ကျောင်းပြင်ပအလယ်တန်း ကျောင်းသား(၁၁၇)ဦး ရှိကြောင်းသိရပြီး ယခုရှမ်းပြည်နယ်အတွင်း ဆောင်ရွက်မည့် ကျောင်းပြင်ပပညာရေးလုပ်ငန်းများည် ရှမ်းပြည်နယ်အစိုးရ၏ ပံ့ပိုးဆောင်ရွက်မှုဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသွားကြောင်းသိရသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျောင်းပြင်ပ ပညာရေးကဏ္ဍများနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က စဥ်ဆက်ပညာရေးစာစဥ်နှင့် သင်နည်းလမ်းညွှန် များကိုပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည် နယ်သယံဇတရေးရာဝန်ကြီးဦးစိုင်းလိတ်က လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျောင်းပြင်ပ ပညာရေးစာအုပ်များကိုပေးအပ်ရာ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်ယဥ်မင်းစုကလည်းကောင်း လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဒုတိယဝန်ကြီးတို့က အခမ်းအနားတက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၁) ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့နယ် ထီဖေါင်းကျေးရွာအုပ်စုနှင့် နမ့်ဆီးကျေး ရွာအုပ်စု ကျေးရွာချင်းဆက်လမ်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းနယ်နိမိတ်ကို တိတိကျကျသတ်မှတ်ပေးရန်နှင့် လမ်းများပေါ်ရေတင်ကျန်မှု မရှိစေရေး လမ်းဘေးရေနုတ်မြောင်းများ စနစ်တကျဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး