ပင်းတယ မတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားအား ပွေးလှကျေးရွာအုပ်စု၊ ပွေးလှကျေးရွာရှိ ပွေးလှမြို့လယ်ခန်းမ၌ မတ်လ(၅)ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွက်လာစေရေး၊ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြို့ပြနှင့်ကျေးလက်များကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများကို တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအား လူငယ်၊ လူရွယ်များအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ခြင်းပညာတတ်မြောက်ပြီး ဝင်ငွေရရှိသောလုပ်ငန်းထူထောင်လာနိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်းပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းအား ဖေဖော်ဝါရီလ (၅)ရက်နေ့မှ မတ်လ(၅)ရက်နေ့အထိ သင်တန်းကာလ (၁)လအကြာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား (၂၀)ဦးတက်ရောက် သင်ကြား ခဲ့ကြကြောင်းနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံပြည်သူ များအား ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ထုတ်လုပ်ငန်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိကျွမ်းကျင်တတ်မြောက်ကြစေရန်နှင့် ဒေသအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဖြင့် စီးပွားရေးလုပ်ငန်းများထူထောင်သူဦးရေ များပြားလာပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုး လာနိုင်ကြစေရန်ရည်ရွယ်၍ အသေးစားစက်မှု လက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေပါ အခြေခံမှုများနှင့် အညီ နည်းပညာလွဲပြောင်းသင်တန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး